စားအုန်းဆီဈေးနှင့် တောင်ငူမြို့က ဘယာကြော်၊ ဘူးသီးကြော်ဈေးကွက်

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် စားအုန်းဆီလက်လီ၊ လက်ကား အများဆုံးရောင်းချနေသည့် ပွဲရုံကြီး ၁၁ ရုံရှိရာ တောင်ငူမြို့နယ်တာဝန်ခံသည် ဇွန်လ ၈ ရက်နေ့တွင် ၎င်းပွဲရုံကြီးများသို့ ကွင်းဆင်း၍ ဈေးနှုန်းနှင့် လက်ကျန်အခြေအနေများကို မေးမြန်းခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုမေးမြန်းရာ တွင် ဆိုင်တစ်ဆိုင်သည် ဆီမရှိ၍ ပိတ်ထားသည်ကိုတွေ့ရှိရပြီး ကျန် ၁၀ ဆိုင်များမှာ ဆီပုံးများ ဖောက်၍ ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ဈေးနှုန်းမှာ ဆီပုံးခွံပါ ၁၀ ပိဿာတစ်ပုံးလျှင် ၈၀၀၀၀ ကျပ် ဖြစ်ပြီး ပုံးခွံမပါ ဖောက်ရောင်းပါက တစ်ပိဿာလျှင် ၇၇၀၀ ကျပ် ရောင်းချနေသည်ကို တွေ့ရှိရပါသည်။

              တောင်ငူမြို့ပေါ်တွင် ရပ်ကွက် ၂၇ ခုရှိရာ ရပ်ကွက်တိုင်းရှိ လမ်းဆုံတိုင်းတွင် မိသားစု လုပ်ကိုင်ဆောင်ရွက်နေသည့် ဘယာကြော်၊ ဘူးသီးကြော်ဆိုင်လေးများရှိပါသည်။ အကြော်ဆိုင်များအတွက် ဆီဝယ်ယူရရှိမှု အခက်အခဲအား မေးမြန်းကြည့်ရာ အကြော်ရောင်းသည့် ဆိုင်များအတွက် စားအုန်းဆီသည် အဓိကကျကြောင်း၊ ယခုအခါ စားအုန်းဆီဈေးတက်လာသောကြောင့် တစ်ပိဿာလျှင် ၇၇၀၀ ကျပ် ဝယ်ယူရပါကြောင်း၊ ယခင်က အကြော်သုံးခုလျှင် ၂၀၀ ကျပ်ရောင်းပါကြောင်း၊ ယခုအခါ စားအုန်းဆီဈေး တက်လာသည့်အတွက် အကြော်တစ်ခုလျှင် ၁၀၀ ကျပ် ရောင်းပါကြောင်း၊ အကြော်တစ်ခုလျှင် ၁၀၀ ကျပ်ရောင်းသော်လည်း အမြတ်ရရှိမှု နည်းပါကြောင်း၊ မိရိုးဖလာ အကြော်ရောင်းနေသည့်အတွက် ရောင်းနေရပါကြောင်း၊ တခါတလေ လက်ကျန်အကြော်နှင့် ထမင်းစားရသည်မှာ အမြတ်ဖြစ်ပါကြောင်း ၁၈ ရပ်ကွက်အတွင်း ဘယာကြော်၊ ဘူးသီးကြော်ရောင်းချသူ ဒေါ်စန်းစန်းအေး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)