တောင်ကိုရီးယားသည် ထိုင်းသရက်သီးတင်ပို့ရာ ထိပ်တန်းဈေးကွက်နိုင်ငံအဖြစ် ရောက်ရှိ

Powered by Drupal

          တောင်ကိုရီးယားအစိုးရ၏ အပူပိုင်းဒေသထွက် သစ်သီးများတင်သွင်းရေး မူဝါဒနှင့် အသင့် စားသုံးနိုင်သည့် ထိုင်းသရက်သီး ကောက်ညှင်းပေါင်း၏ ရေပန်းစား ကျော်ကြားလာမှုတို့အရ တောင်ကိုရီးယားနိုင်ငံသည် ထိုင်းနိုင်ငံ၏ သရက်သီးတင်ပို့မှု အဓိကဈေးကွက်ဖြစ်လာသည်ဟု ထိုင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (TPSO) က ၂၇-၂-၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့ သည်။

          သရက်သီးသည် ထိုင်းနိုင်ငံအတွက် အရေးပါသော စီးပွားရေးသီးနှံများထဲမှ တစ်ခုဖြစ် ကြောင်း၊ ယင်းသည် ၎င်း၏အရသာနှင့် သရက်သီးမျိုးစိတ်များ၏ ထူးခြားမှုကြောင့်ဖြစ်ကြောင်း၊  ထိုင်းသရက်သီးသည် နိုင်ငံတကာဈေးကွက်တွင် ရေပန်းစားလာပြီး တောင်ကိုရီးယားနိုင်ငံသည် ထိုင်းနိုင်ငံ၏ သရက်သီးတင်ပို့မှုတွင် နံပါတ် (၁) ဈေးကွက် ဖြစ်လာကာ မလေးရှားနိုင်ငံသည် ဒုတိယနေရာတွင် ရှိနေကြောင်း အဆိုပါရုံး၏ ညွှန်ကြားရေးမှူးချုပ် Poonpong Naiyanapakorn က မှတ်ချက်ပြု ပြောကြားခဲ့သည်။

          ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ တောင်ကိုရီးယားသို့ ဘတ် ၂.၉၃ ဘီလီယံ တန်ဖိုးရှိသည့် လတ် ဆတ်သော သရက်သီးများ တင်ပို့ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၃၂.၇% တိုးတက်မှုရှိခဲ့ကြောင်း၊ တောင်ကိုရီးယားအစိုးရ၏ အပူပိုင်းဒေသထွက် သစ်သီးများ တင်သွင်းခွင့် ခွဲတမ်းပမာဏ တိုးမြှင့်လျက် အကောက်ခွန်လျှော့ချပေးခဲ့ခြင်းက ထိုသို့အောင်မြင်မှု ရရှိစေခဲ့ကြောင်း၊ ယင်းမူဝါဒသည် စားသုံးသူများအကြား ကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုးကို လျှော့ ချရန်နှင့် ကုန်ပစ္စည်းရှားပါးမှုကို ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Mr. Poonpong က ပြောဆိုခဲ့သည်။

          သရက်သီးတင်သွင်းမှုအပေါ် ယခင်က အခွန် ၃၀% စည်းကြပ်ခဲ့ရာမှ  ကင်းလွတ်ခွင့်ပြု သည့် တောင်ကိုရီးယားအစိုးရ၏ မူဝါဒပြောင်းလဲမှုကြောင့် ထိုင်းသရက်သီးသည် ဈေးနှုန်းချိုသာမှု အခွင့်အရေးရရှိခဲ့သည်။ လတ်ဆတ်သောသစ်သီးများကို နှုတ်မြိန်စာ သို့မဟုတ် အစာစားပြီး နောက် အချိုပွဲအဖြစ် စားသုံးလာကြသည့် တောင်ကိုရီးယား စားသုံးသူများ၏ အလေ့အထများနှင့် လူမှုကွန်ရက်ပေါ်တွင် သရက်သီးကောက်ညှင်း၏ ရေပန်းစားမှုတို့က ထိုင်းသရက်သီးများ တင်ပို့မှု အတွက် အပြုသဘောဆောင်သော ရလဒ်ကောင်းဖြစ်ပေါ်ခဲ့သည်။

          တောင်ကိုရီးယားနိုင်ငံ အနေဖြင့် သရက်သီး၊ ထောပတ်သီးနှင့် ငှက်ပျောသီးအပါအဝင် ထိုင်း သစ်သီးများကို ပိုမိုတင်သွင်းဖွယ်ရှိကြောင်း၊ လတ်ဆတ်သော သစ်သီးများကို စားသုံးခြင်းနှင့် သရက်သီးကို ဖျော်ရည်ပြုလုပ် သောက်သုံးခြင်းတို့ကို လူကြိုက်များသည့် မလေးရှားနိုင်ငံသည် လည်း ထိုင်းသရက်သီးများအတွက် ပို့ကုန်ဈေးကွက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ထို့အပြင် ကျန်းမာရေး စောင့်ရှောက်မှု ခေတ်ရေစီးကြောင်းနှင့် အချိုပွဲပြုလုပ်သည့်လုပ်ငန်းတို့ ကြောင့် လတ်ဆတ်သော သရက်သီးအား ဂျပန်နိုင်ငံဘက်မှလည်း ဝယ်လိုအား မြင့်တက်နေ ကြောင်း Mr. Poonpong က ပြောကြားခဲ့သည်။

          ထိုင်းသစ်သီးများအား အရည်အသွေးမြင့် ပရီမီယံ ထုတ်ကုန်များအဖြစ် တောင်ကိုရီးယား နိုင်ငံသားများက အသိအမှတ်ပြုထားကြကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏ထုတ်ကုန် အရည် အသွေးကို ထိန်းသိမ်းနိုင်ပါက စားသုံးသူများ၏ ယုံကြည်မှုနှင့် ဈေးကွက်ချဲ့ထွင်မှု အခွင့်အလမ်း များကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း  ၎င်းက ပြောကြားခဲ့သည်။

          ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နယ်စပ်ကုန်သွယ်ရေးပြပွဲ များ၊ ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်း မြှင့်တင်ရေး မူဝါဒများနှင့် သစ်သီးလုပ်ငန်းရှင်များ ချိတ်ဆက် တွေ့ဆုံပွဲကဲ့သို့သော မတူညီသည့် စီမံကိန်းများမှတစ်ဆင့် သစ်သီးတင်ပို့မှုကို အားစိုက်၍ ဆောင် ရွက်လျက်ရှိကြောင်း၊ လက်ရှိကာလ၌ တောင်ကိုရီးယားနှင့် စီးပွားရေးမိတ်ဖက်သဘောတူညီချက် (EPA) ကို ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး ယင်းသဘောတူညီချက်သည် ထိုင်းသစ်သီးများ တင်ပို့မှုကို ပိုမိုတိုးတက်စေမည်ဟု မျှော်လင့်ရကြောင်း သိရှိရသည်။

Source: The Nation Thailand, 28 February, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)