မိုးစပါးစိုက်ပျိုးမှုနှင့် ဖြစ်ပေါ်လာနိုင်သည့် တောင်သူအကျိုးအမြတ်ကို လေ့လာခြင်း

Powered by Drupal

                ပဲခူးတိုင်း‌ဒေသကြီး၌ ၂၀၂၁-၂၀၂၂ နွေစပါးအချိန်တွင် လယ်ထွန်စက်များမှာ စက်သုံးဆီဈေးနှုန်းများ စတင်မြင့်တက်လာခြင်းကြောင့် လယ်တစ်ဧကလျှင် ထယ်ထိုးခ ၂၅၀၀၀ ကျပ်၊ ထွန်မွှေခ ၃၀၀၀၀ ကျပ်၊ ရိတ်သိမ်းခြွေလှေ့ချိန်တွင် တစ်ဧက ၇၅၀၀၀ ကျပ် ကုန်ကျစရိတ်ရှိခဲ့ပါသည်။ ယခု မိုးစပါးစတင်စိုက်ပျိုးချိန်တွင် လယ်တစ်ဧကလျှင် ထယ်ထိုးခ ၃၀၀၀၀ ကျပ်၊ ထွန်မွှေခ ၃၅၀၀၀ကျပ် ဖြစ်သဖြင့် ကုန်ကျစရိတ် မြင့်တက်လာပါသည်။ ထိုသို့ ကုန်ကျစရိတ် မြင့်တက်လာခြင်းကြောင့် တောင်သူများမှာ မိရိုးဖလာဖြစ်သည့် ကျွဲ၊ နွားများကို ပြန်လည်အသုံးပြုလာကြသည်ကို တွေ့ရပါသည်။

              ကျွဲ၊ နွားနှင့် ထွန်ယက်ရာတွင် ထယ်အစား စက်တုံးများဖြင့် မောင်းရပြီး တစ်မနက်လျှင် ၁၅၀၀၀ ကျပ်ပေးရပါသည်။ တစ်ဧကလျှင် စပါးစတင်ကျဲ၍ရသည်အထိ ကျွဲ၊ နွား ၅ ရှဉ်း အသုံးပြုရ မည်ဖြစ်သဖြင့် ၇၅၀၀၀ ကျပ် ကုန်ကျမည်ဖြစ်ပါသည်။ ယခုအခါ မိုးစပါးဈေးနှုန်းမှာ တစ်တင်းလျှင် ၉၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိရှိပြီး တစ်ဧကလျှင် ၃ တင်း အသုံးပြုရပါသည်။ မျိုးစပါးမကျဲမီ ရေထဲတွင် ၂၄ နာရီစိမ်ထားရပြီး ပြန်ဆယ်၍ ကုန်းပေါ်တွင် ၂၄ နာရီထားရပါသည်။ ပြီးလျှင် ရေထိုးပြီး စပါးကို ပြန်လည်အုပ်ထားရပါသည်။ နောက် ၂၄ နာရီပြည့်မှ စတင်ကြဲပက်ရပါသည်။

              မျိုးစပါးကျဲရာတွင် စပါးတစ်တင်းလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ပေးရပါသည်။ ပျိုးသက် ၁၂ ရက်ခန့်တွင် ပေါင်းသေ ပင်ကောင်းဆေး တစ်ဧကလျှင် တစ်အိတ်ကျဲပက်ပေးရပါသည်။ ပေါင်းသေ ပင်ကောင်းဆေး တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်အထိ ပေးရပါသည်။ တစ်လခန့်အကြာတွင် ပုလဲဓါတ်မြေဩဇာတစ်အိတ်၏ လေးပုံသုံးပုံ ကြဲပက်ပေးရပါသည်။ ပုလဲမြေဩဇာ တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ် ပေးရပါသည်။ တစ်လမှ နှစ်လအကြားတွင် ဓါတ်မြေဩဇာအစား ကြက်ချေး ၁၀ အိတ်မှ ၁၅ အိတ်အထိ ကြဲနိုင်ပါသည်။ ကြက်ချေးဈေးနှုန်းမှာ တစ်အိတ်လျှင် ၂၀၀၀ ကျပ်၊ ကျုံးခ ၅၀၀ ကျပ်နှင့် သယ်ယူပို့ဆောင်ခများအပါအဝင်ဆိုပါက ၂၇၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိ ရှိပါသည်။

              အပင်သက် ၂ လခွဲမှ ၃ လခန့်အကြာ ဖုံးတုံးလုံးတုံးအချိန်တွင် အသီးဓါတ်မြေဩဇာ တစ် အိတ်နှင့် ပုလဲဓါတ်မြေဩဇာ အိတ်တစ်ဝက် ကျဲမှသာ စပါးအထွက်ကောင်းမည်ဖြစ်ပါသည်။ ဓါတ်မြေဩဇာကျဲရာတွင် လုပ်သားခမှာ တစ်အိတ်လျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရှိပါသည်။ စပါးကျဲခြင်း၊ ပေါင်းလိုက်ခြင်းအတွက် လုပ်သားခ တစ်နေ့ ၇၀၀၀ ကျပ်ရှိပြီး စပါးပိုးကျ၍ ပိုးသတ်ဆေးဖြန်းရပါက ဆေးဖျန်းခ တစ်နေ့ ၅၀၀၀ ကျပ်ရှိပါသည်။ လယ်တစ်ဧကလျှင် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ သွင်းအားစုဈေး၊ အလုပ်သမားခများနှင့် စက်ရိတ်ခများစုစုပေါင်း ၃၅၀၀၀၀ ကျပ် မှ ၄၀၀၀၀၀ ကျပ်အထိ ရှိပါသည်။ စပါးအထွက်နှုန်းမှာ တစ်ဧကလျှင် ၇၅ တင်းမှ တင်း ၁၀၀ အထိရှိ ကြောင်း သိရပါသည်။

              ယခုနှစ်တွင် စပါးရိတ်သိမ်းခ မည်မျှရှိမည်ဖြစ်ကြောင်းနှင့် စပါးဈေးနှုန်းမည်မျှရှိမည် ဆိုသည်ကို မပြောနိုင်သေးကြောင်း၊ ယခုနှစ်နွေစပါးရာသီတွင် မိုးများစွာရွာသွန်းခြင်းကြောင့် စပါးများရင့်မှည့်ချိန်တွင် ရိုက်ချလိုက်သလိုဖြစ်သည့်အတွက် အထွက်ကောင်းသော်လည်း ထင်သလောက် စပါးမထွက်ကြောင်း၊ သွင်းအားစု၊ လုပ်သားခနှင့် စက်ခများဈေးနှုန်းမြင့်ခြင်းကြောင့် အမြတ်နည်းပါသော်လည်း အဆင်ပြေပါကြောင်း ကျေးတောကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)