ကသာဒေသတွင်း မြေပဲ စိုက်ပျိုးမှုနှင့် ဈေးနှုန်း/ဈေးကွက်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း မြေပဲစိုက်ဧကမှာ (၅၁၅၄၁)ဧကကျော် စိုက်ပျိုးပြီး မျိုးအနေဖြင့် ဗီယက်နမ် တိုး(အဆံကြီး)နှင့် S1 (အဆံသေး) ပဲအဖြူမျိုးတို့အား အဓိကထား စိုက်ပျိုးကြပါသည်။ စိုက်ပျိုးချိန်အနေဖြင့် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး မေလတွင် မြေပဲများအား စတင်နုတ်ကာ ဇွန်လကုန် တွင် အပြီးသတ်နုတ်ယူကြကြောင်း သိရှိရပါသည်။

          တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုးပဲ တစ်တင်းခန့်စိုက်ပျိုး ပြီး (၉၀၀၀၀) ကျပ်ဝန်းကျင်ကုန်ကျကြောင်း၊ ထွန်စက်ခုတ်ခ တစ်နာရီ (၃၅၀၀၀) ကျပ်၊ ထွန်ရှင်းခ နွားတစ်ရှည်းလျှင်  (၇၀၀၀)ကျပ်နှင့် ပဲစိုက်ခမှာ တစ်ဦးလျှင် (၅၀၀၀)ကျပ် ဖြင့် (၂)ဦးငှားရမ်းရကြောင်း၊ ပေါင်းသင်ပေါင်းရှင်းရာတွင်လည်း တစ်ဦး(၅၀၀၀)ကျပ်နှုန်းဖြင့် ပေါင်းအနည်းအများပေါ် မူတည်၍ (၄)ဦးမှ (၇)ဦးထိ ငှားရမ်းရကြောင်း၊ ဓါတ်မြေဩဇာ အသုံးပြုရာတွင် ကောမက်မြေခံမြေဆီအား (၃)ဧကလျှင် (၈၀)ဂရမ်အသုံးပြုပြီး ဈေးနှုန်းအနေဖြင့် (၉၅၀၀၀) ကျပ်ရှိကြောင်း၊  အာမိုဓါတ်မြေဩဇာအား (၃)ဧက (၁၀၀)ဂရမ်အသုံးပြုရပြီး ဈေးနှုန်းမှာ (၁၂၀၀၀၀)ကျပ် ရှိကြောင်း၊ မြေပဲဥအားဆေး (၂)ဗူး တစ်စုံလျှင် (၁၀)ဧကအသုံးပြုနိုင်ပြီး ဈေးနှုန်းမှာ(၁၀၀၀၀၀)ကျပ်နှင့် ပိုးသတ်ဆေးမှာ မြင်းကျားတံဆိပ်အား အသုံးပြုပြီး တစ်အိတ်လျှင် (၂)ဧက အသုံးပြုရကာ ဈေးနှုန်းမှာ (၆၀၀၀)ကျပ်ရှိကြောင်း၊ စုစုပေါင်း ကုန်ကျစရိတ်အနေဖြင့် သွင်းအားစုအသုံးပြုသည့်အပေါ် မူတည်၍ ကျပ်သုံးသိန်းခန့်မှ ကျပ်ငါးသိန်း ဝန်းကျင်အထိ ကုန်ကျကြောင်း ကသာမြို့ မြေပဲစိုက်ပျိုးသည့် တောင်သူထံမှ သိရှိရပါသည်။

          ပဲစိုက်ရာသီအချိန်တွင် ယခင်က အောက်ပိုင်းဒေသမှ လုပ်သားများ လာရောက်လုပ်ကိုင်ကြပြီး ယခုနောက်ပိုင်းတွင် လာရောက်လုပ်ကိုင်ခြင်း မရှိသောကြောင့် ဒေသတွင်းလုပ်သားများကိုသာ အားထားလုပ်ကိုင်နေရကြောင်း၊ လုပ်အားခအနေဖြင့် အခကြေးငွေယူသူနှင့် မြေပဲဆံယူသူဟူ၍ (၂)မျိုးရှိကြောင်း၊ အခကြေးငွေယူ၍ ပဲနုတ်/ပဲကောက်သူများအား တစ်နေ့လျှင် လုပ်အားခ (၅၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်ထိ ပေးရကြောင်း၊ မြေပဲဆံယူ၍ ပဲနုတ်/ပဲကောက်သူများအား ပဲနုတ်ခအနေဖြင့် တစ်ဧက လျှင် လူ(၁၅)ဦး နုတ်ပါက နေ့တစ်ပိုင်းခန့် နုတ်ရပြီး တစ်ဦးလျှင် ပဲအစို တစ်ခွဲ(၆)ပြည်ခန့် ပေးရကြောင်း၊ နုတ်ပုံထားသော မြေပဲများအား ပဲကောက်ခ(ချွေခ)အနေဖြင့် ပဲအစိုကောက်ချိန်ဖြစ်ပါက (၁၈) ပြည်ပါ တင်းတောင်း (၇)တောင်းကောက်ပါက (၁)တောင်းပေးရပြီး ပဲအခြောက်ဖြစ်ပါက (၈)တောင်းလျှင် (၁)တောင်းပေးရကြောင်း ပဲစိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရှိရသည်။

          ဒေသတွင်း အချို့သော ပဲစိုက်တောင်သူများမှာ ဆီစက်လုပ်ငန်းရှင်များထံသို့ ပဲဆံပေး၍ ဆီဖြင့် လဲလှယ်ကြကြောင်း၊ လုံးဆံမလှသော မြေပဲအား ဆီဖြင့် လဲလှယ်ပါက မြေပဲဆံတစ်ပြည်လျှင် ဆီ (၃၅) ကျပ်သားရရှိပြီး လုံးဆံလှသော မြေပဲဆံဖြင့် လဲလှယ်ပါက တစ်ပြည်လျှင် ဆီ(၄၀)ကျပ်သားခန့် ရရှိ ကြောင်း၊ မန္တလေးပွဲရုံများသို့ ရောင်းချပါက ရောင်းဈေးအနေဖြင့် မြေပဲအတောင့် (အခြောက်) တစ်တင်း လျှင် (၁၃၀၀၀)ကျပ်နှင့် မြေပဲ အတောင့်(အစို)တစ်တင်းလျှင် (၁၀၀၀၀)ကျပ်ရှိပြီး မြေပဲဆံဈေးနှုန်းအနေဖြင့် မြေပဲဆံ လုံးဆံမလှသောပဲဆံအား ပိဿာ(၁၀၀)လျှင် မန္တလေးပွဲရုံအရောက်(၃၈၀၀၀၀)ကျပ် ခန့်ရရှိပြီး လုံးဆံအလှဖြစ်ပါက ပိဿာ(၁၀၀)လျှင် (၄၂၀၀၀၀)ကျပ်ရရှိကြောင်း ဒေသတွင်း ပဲစိုက်ပျိုးသူ တောင်သူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)