ဂန္ဓမာဈေးကွက်ကောင်းမွန်သဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

Powered by Drupal

        အရောင်အသွေးစုံလင်လှသော ဂန္ဓမာပန်းသည် မြင်သူတိုင်းသဘောကျနှစ်ခြိုက်သောပန်း ဖြစ်ပါသည်။ ဂန္ဓမာပန်းကို ကမ္ဘာတွင် တန်ဖိုးထားအမြတ်တနိုးသုံးစွဲပြီး စိုက်ပျိုးသောပန်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဂန္ဓမာပန်းအား ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှူ၊ မင်္ဂလာဆောင် အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း နှစ်ခြိုက်စွာအသုံးပြုကြသောပန်း ဖြစ်ပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  ဂန္ဓမာပန်း၊ မေမြို့ပန်းနှင့် ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။

       ဂန္ဓမာပန်းမျိုးကွဲပေါင်းများစွာရှိသည့်အနက် အဓိကထားစိုက်ပျိုးသော ဂန္ဓမာအမျိုးအစားများမှာ ကြွေဖြူ၊ ကြွေဝါ၊ လက်ကီးဖြူ၊ လက်ကီးနီ၊ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ ရွှေစိမ်း၊ ပုလဲဖြူများ ဖြစ်ပြီး ဂန္ဓမာပျိုးပင်များကို ပြင်ဦးလွင်မြို့နယ်မှမှာယူ စိုက်ပျိုးကြောင်း၊ စိုက်ခင်း တစ်ဧကလျှင် ပန်းပင်(၁၀၀၀၀)ခန့် စိုက်ပျိုးနိုင်ကြောင်း၊ မိမိစိုက်ပျိုးလိုသော ပန်းပွင့်အနေအထား အပေါ်မူတည်၍ ပင်ကြားအကွာအဝေး ၈လက်မှ ၁၈-၂၄ လက်မထား၍ စိုက်ပျိုးပြီးသည်မှ ပထမ တစ်လအတွင်း တစ်ပတ်နှစ်ကြိမ် ရေဝအောင်သွင်းပေးရပြီး၊ စိုက်သား တစ်လကျော်ပါက ရာသီဥတုပေါ်မူတည်၍ တစ်ပတ်တစ်ကြိမ် ရေသွင်းပေးပြီး ပိုးသတ်ဆေးဖျန်းပေးခြင်း၊ ဓာတ်မြေဩဇာ/မြေဆွေးကျွေးကာ (၄)လကျော် အရွယ်ကစပြီး ဈေးကွက်ဝင်ရောင်းပန်းလှတဲ့ ပန်းများခူးဆွတ် ရောင်းချနိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် ဂန္ဓာပန်းတစ်စည်းလျှင် အကြီး/အသေးအပေါ်မူတည်၍ ၅၀၀ မှ ၁၀၀၀ကျပ်နှုန်း ဖြင့် မြို့ပေါ်ရှိပန်းဆိုင်များသို့ ပုံမှန်တင်ပို့ ရောင်းချလျက်ရှိပြီး တစ်ဆင့်ပြန်လည်ရောင်းချကြသည့် လက်လီပန်းရောင်းသူများနှင့် အလှူပွဲ၊ မင်္ဂလာအခမ်းအနား၊ ပန်းအလှဆင်သူများကလည်း ခြံအရောက်လာရောက် ဝယ်ယူမှုများရှိကြောင်း၊ ဂန္ဓမာတစ်ဧက စိုက်ပျိုးထားရှိလျှင် အနည်းဆုံး တစ်လဝင်ငွေ ကျပ်၃၀၀၀၀၀မှ ကျပ်၄၀၀၀၀၀ကြား ပုံမှန်ဝင်ငွေရရှိကာ တွက်ချေကိုက်ကြောင်း ဂန္ဓမာစိုက်ပျိုးတောင်သူများထံမှ သိရှိရသည်။

        လက်ရှိကာလ ဂန္ဓမာဈေးကွက်ကောင်းမွန်ပြီး တစ်ပင်လျှင်အပွင့် ကိုးပွင့်မှဆယ်ပွင့်အထိ ပွင့်သည့် အပင်နှစ်ပင်စည်း တစ်စည်းလျှင် ငွေကျပ် ၇၀၀ မှ ၁၀၀၀ကျပ်အထိ ပန်းအရည်အသွေးအလိုက် ရောင်းချလျက်ရှိပြီး ပန်းပေါခြင်း ရှားခြင်းအပေါ်မူတည်ကာ ဈေးနှုန်းအတက်အကျရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)