တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆင့်ပွားသင်တန်းသို့ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့  ဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး တက်ရောက် အမှာစကားပြောကြား

Powered by Drupal

          ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစိးဌာန၊ ပြည်နယ် ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌  ၂၀၂၂ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နံနက်၉နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆင့်ပွားသင်တန်း အခမ်းအနားသို့ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ဌာနတွေက ဝန်ထမ်းတွေအနေနဲ့ ဆက်စပ်ဌာနတွေရဲ့ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းတွေကို ပိုမိုကျေညက်စွာ သိရှိစေဖို့နှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ယခုထက်ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် သင်တန်းတက်ရောက်ပြီးသွားကြတဲ့ သင်တန်းသားတွေအနေနဲ့ မိမိတို့ထုပ်ငန်းခွင်ကို ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းကလေ့လာသင်ယူခဲ့ရတဲ့  အသိပညာ၊ ဗဟုသုတတွေကို  ပေါင်းစပ်ခြင်းဖြင့် မြေပြင်မှာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ ပထဝီဝင် ထူးခြားချက်အရ အိမ်နီးချင်းနိုင်ငံများနှင့် အဓိက ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိသော နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းနှင့် တာချီလိတ်(မယ်ယန်း) ကုန်သွယ်ရေးစခန်းတို့သည် ပြည်နယ်အတွင်းတည်ရှိနေပြီး နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဝင်ပေါက်/ထွက်ပေါက်များအပြင် တရုတ်နိုင်ငံနဲ့ မိုင်းလားနယ်စပ် ဝမ်တာပင်း စခန်း၊ မဲခေါင်မြစ်တွင် ဝမ်ပုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ လာအိုနိုင်ငံနဲ့ ကျိုင်းလတ်ချစ်ကြည်ရေးတံတားတို့မှ နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိသောကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်ပါတယ်၊ ထို့သို့ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်း စီးပွားရေး၊ လူမှုရေးကဏ္ဍများတိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများပါ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။

          နယ်စပ်ကုန်သွယ်မှုများတွင် တရားဝင်တင်သွင်း/ တင်ပို့မှုလုပ်ငန်းများနှင့်အတူ တရားမဝင်ကုန်သွယ်မှုများလည်း ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါတယ်၊ အိမ်နီချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ကုန်မြေနယ်နိမိတ်ရှည်လျားစွာ ထိစပ်လျက်ရှိသော ရှမ်းပြည်နယ်ရှိ နယ်စပ်တရားမဝင် ဝင်ပေါက်/ထွက်ပေါက်များမှ နည်းမျိုးစုံဖြင့် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုရှိနေသည်ကို တွေ့ရှိနေရပါတယ်၊ ကုန်သွယ်မှုလမ်းကြောင်းများတွင် အမြဲတမ်းစစ်‌ဆေးရေးစခန်းများ၊  ပူးပေါင်းစစ်ဆေးရေးစခန်းများ၊ ကင်းစခန်းများ ထားရှိသော်လည်း ရှောင်ကွင်း၍ ဖုံးကွယ်/သိုဝှက်ပြီး နည်းလမ်းမျိုးစုံဖြင့် သယ်ယူဖြတ်သန်းမှုများ ဖြစ်ပေါ်နေကြာင်း တားဆီဖမ်းဆီရမိမှု တင်ပြချက်များအရ သုံးသပ်တွေ့ရှိရပါကြောင်း ပြောကြားခဲ့သည်။

          ဖမ်းဆီးရမိမှုများတွင် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးများ၊ မူယစ်ဆေးဝါးနှင့် ဓါတုကုန်ကြမ်းများ၊ လက်နက်ခဲယမ်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီရမိမှုများ များပြားသလို နိုင်ငံတော်အတွင်းမှ တရားမဝင်ကုန်သွယ်ဆောင်ရွက်ခဲ့တဲ့ သစ်တောထွက်သယံဇာတများ၊ ကျွဲ၊ နွားများ၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် တယံဇာတများ သတ္တုများ၊ ရှားပါးစာရင်းဝင် တိရတ္ဆန်များ၊ ပန်းမန်လ်နှင့် သစ်တောထွက်ပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုကြောင့် တရားဝင်ကုန်သွယ် မှုဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေသလို နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာဆုံးရှုံးမှုများကိုလည်း ဖြစ်ပေါ်စေလျက်ရှိကြောင်း တွေ့ရှိရပါတယ်၊ ၎င်းအပြင် တရားမဝင်စာသောက် ကုန်များနှင့် ဆေးဝါးများ၊ အရည်အသွေးနိမ့်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ကြောင့် စားသုံးသူအများပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးစသည့် လူမှုဒုက္ခအကျိုးဆက်များကိုလည်း ခံစားနေရကြောင်း တွေ့ရှိရသည့်အတွက်ကြောင့် တရားမဝင်ကုန်သွယ်မှုအား ထိရောက်စွာဟန့်တားရန် လိုအပ်လျက်ရှိကြောင်းကိုလည်း တွေ့ရှိရပါကြောင်း ပြောကြားခဲ့သည်။

          ယနေ့ သင်တန်းတက်ရောက်လာတဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်သက်ဆိုင်တဲ့ ဌာနများမှ သင်တန်းသားများအနေ့ဖြင့် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံပြုလုပ်ငန်းစဉ်များနှင့် အရေးကြီးသော ဆက်စပ်ဘာသာရပ်များကို သက်ဆိုင်ရာဌာနများက ပို့ချဆွေးနွေးသွားမှာ ဖြစ်ပါကြောင်း၊ သင်တန်းကာလအချိန်ရရှိမှုပေါ်မူတည်၍ သင်တန်းသားများကို အထိရောက်ဆုံးရှင်းလင်းတင်ပြချက် များနှင့် ဆွေးနွေးပို့ချသွားမှာဖြစ်လို့ သင်တန်းသားများအနေဖြင့် အစွမ်းကုန်လေ့လာသွားစေလိုကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ ကုန်သွယ်မှုလုံခြုံရေးနှင့် လွယ်ကူချောမွေ့စေရေးကိုလည်း အဟန့်အတား အနှောက်အယှက်မဖြစ်စေဖို့ သတ်မှတ်ထားသောလိုက်နာရမည့် စုံပြုလုပ်ငန်းစဉ် များနှင့်အညီ စစ်ဆေးဆောင်ရွက်သွားကြရန်ပြောကြားလိုပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်း တောင်ကြီး မြို့အပြင် မူဆယ်၊ လားရှိုး၊ တာချီလိတ်မြို့များမှာ ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရှမ်းပြည်နယ်အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်စားသုံးသူရေး ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်သက်ဆိုင်သည့် ဌာနများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ကြပြီး အဆိုပါသင်တန်းအား (၈.၆.၂၀၂၂)မှ (၉.၆.၂၀၂၂)ထိ ဆောင်ရွက်ခဲ့ရာ သင်တန်းသား(၁၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရှမ်း)