စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာအာဟာရဖွံ့ဖြိုးရေး သစ်စိမ်းမြေသြဇာ ( ပိုက်ဆံလျှော် ) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇွန်လ ( ၁၃ ) ရက်နေ့တွင် မြို့မအုပ်စုရှိ တောင်သူ ဦးတင်ဆိုင်၏ ကွင်းအမှတ်၂၅၅/A ဦးပိုင်အမှတ် ( ၄၈ ) လယ်မြေ ( ၅ ) ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ ( ပိုက်ဆံလျှော် ) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းဦး၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးမျိုးနိုင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ကြီးကြပ်မှုကော်မတီများ၊ တောင်သူများ တက်ရောက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးမှ သစ်စိမ်းမြေသြဇာသည် မြေဆီလွှာအတွင်း အာဟာရဓာတ် ဖွံ့ဖြိုးထက်သန်စေပြီး မြေဆီလွှာ တိုက်စားမှုမရှိဘဲ အစိုဓာတ်ကို ကြာရှည်စွာ ထိန်းသိမ်းနိုင်ကြောင်း၊ မြေနေရာမရွေး စိုက်ပျိုးဖြစ်ထွန်းပြီး မြေတွင်းအာဟာရဓာတ် ကြွယ်ဝစေကာ သီးနှံအထွက်နှုန်းကို တိုးတက်စေပြီး ဓာတ်မြေသြဇာသုံးစွဲမှုကိုလျှော့ချနိုင်ကာ ကုန်ကျစရိတ်သက်သာစွာဖြင့် သဘာဝမြေသြဇာအဖြစ် ပိုက်ဆံလျှော်ကိုအစားထိုးသုံးစွဲ စိုက်ပျိုးရေးတို့အတွက် ကွင်းသရုပ်ပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများ၏သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပိုက်ဆံလျှော်ကို မြေချဉ်ငံကိန်း ( ၅-၈.၅ ) ရှိသော မည်သည့်မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်ပြီး နုံးမြေသည် အသင့်တော်ဆုံးဖြစ်သော်လည်း မြေညံ့သည့် သဲဆန်သော ဒေသများတွင်လည်း အခြားသီးနှံ စိုက်ပျိုးမရပါက ပိုက်ဆံလျှော် စိုက်ပျိုးနိုင်ကြောင်း၊ အစေ့စိုက်ပြီး ၄၅ ရက်ကြာလျှင် သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ပြီး မိုးသီးနှံဆို ထယ်မှောက်ပြီး ၁၅ ရက်၊ ဆောင်းသီးနှံဆို ထယ်မှောက်ပြီး ၁ လ နေလျှင် ထွန်မွှေပြီး သီးနှံစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေသြဇာထည့်သွင်းခြင်းဟာ မြေဆီလွှာအတွင်းရှိ သီးနှံပင်များနှစ်သက်သော အာဟာရများ တိုးပွားစေခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေခြင်း၊ ရောဂါပိုးမွှားနှိမ်နင်းရန်အတွက်ပါ အသုံးဝင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဆန်းဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)