သဲကုန်းမြို့နယ်တွင် မတ်ပဲဈေးများမြင့်တက်လာ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်  မတ်ပဲစိုက်ဧက ၁၃၃၇၂၅ ဧက စိုက်ပျိုး ရိတ်သိမ်းပြီးဖြစ်ပါသည်။ သဲကုန်းမြို့နယ်အနေဖြင့် မတ်ပဲစိုက်ဧကမှာ ၃၁၉၂၉ ဧကစိုက်ပျိုးပြီး အထွက်နှုန်းမှာ ၁၉ တင်းကျော် ထွက်ရှိပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၃သိန်းကျပ် ကျော်ထိ ကုန်ကျကြောင်း သိရှိရပါသည်။ သဲကုန်းမြို့နယ်တွင် မတ်ပဲဈေးများ ဇွန်လပထမပတ်တွင် မတ်ပဲဈေးများမြင့်တက်လာခဲ့ပြီး ယခင်မတ်ပဲပေါ်ချိန်တွင် ဈေးကောင်းကို စောင့်မျှော်နေသော တောင်သူများက လှောင်ထားသောမတ်ပဲများကို ထုတ်၍ရောင်းချကြသဖြင့် တွက်ခြေကိုက်သော နှစ်ဖြစ်ပါသည်။

          မတ်ပဲစိုက်ပျိုးသူတောင်သူများမှာ ယခုနှစ် မတ်ပဲပေါ်ချိန်တွင် တစ်ဧကလျှင် ၁၉တင်းကျော် ထွက်ရှိသဖြင့် အထွက်နှုန်းမှာ ယခင်နှစ်ကထက်စာရင် ပိုကောင်းသောနှစ်ဖြစ်သလို ဈေးမှာလည်း မေလတတိယပတ်တွင် ၄၆၀၀၀ မှ ၄၇၂၀၀ကျပ်ထိ ဈေးပေါက်ခဲ့ပြီး၊ ဇွန်လပထမပတ်တွင် ၄၇၈၀၀ ကျပ် မှ ၄၈၅၀၀ကျပ်ထိဈေးများမြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ယခုလိုဈေးများ မြင့်တက်လာခြင်းကြောင့် မတ်ပဲစိုက်ပျိုးသော တောင်သူအနေဖြင့် လာမည့်နှစ်များမှာလည်း မတ်ပဲ စိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)