စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

အင်ဒိုနီးရှားစားအုန်းဆီပို့ကုန်ခွန် ယာယီလျှော့ချ

          အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့မှုစည်းကြပ်ခွန် အမြင့်ဆုံးနှုန်းထားကို  အမေရိကန်ဒေါ်လာ ၂၀၀ သို့လျှော့ချလိုက်သော်လည်း ဩဂုတ်လတွင် ပြန်လည်မြင့်တက်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည် မကြာသေးမီက  ထုတ်ပြန်ခဲ့သည့် စားအုန်းဆီတင်ပို့မှု အခွန်မူဝါဒအရ အပြောင်းအလဲများကို ဆောင်ရွက်သည့်စည်းမျဉ်းများ ထုတ်ပြန်ခဲ့ပြီး အမြင့်ဆုံးအခွန်နှုန်းကိုတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ အစား၂၀၀သို့ လျှော့ချသတ်မှတ်လိုက်သည်ဟု ဇွန်လ ၁၄ ရက်တွင်ထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ ပို့ကုန်အရှိန်မြှင့်တင်မှု အစီအစဉ်အတွက် အထူးနှုန်းထားများဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း၊ နှုန်းထား အသစ်များသည် ထုတ်ပြန်ကြေငြာသည့် ဇွန်လ ၁၄ ရက်နေ့မှ စတင်သက်ရောက်ပြီး ပို့ကုန်အရှိန် မြှင့်တင်ရေးအစီအစဉ်ပြီးဆုံးချိန် ဇူလိုင်လ ၃၁ ရက်တွင်ပြီးဆုံးမည်ဖြစ်ကြောင်း၊ထို့နောက်ဩဂုတ်လ ၁ ရက်မှစ၍ စားအုန်းဆီကြမ်းပို့ကုန်ခွန် အမြင့်ဆုံးနှုန်းထားသတ်မှတ်ချက်ကို တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၂၄၀ သို့ပြောင်းလဲမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

အိန္ဒိယဆန်ကွဲ တရုတ်သို့အများဆုံးတင်ပို့

          တရုတ်နိုင်ငံသည် အိန္ဒိယဆန်ကွဲအများဆုံးတင်သွင်းနေသည့်နိုင်ငံဖြစ်ကြောင်း၊ ယခင်က အိန္ဒိယဆန်ကွဲကို အာဖရိကနိုင်ငံများသို့ အဓိကတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်နိုင်ငံက အိန္ဒိယမှ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁.၆၃ သန်းတင်သွင်းခဲ့ရာ ၉၇% ခန့်ရှိ တန်ချိန် ၁.၅၇၆ သန်းမှာဆန်ကွဲဖြစ်ကြောင်း၊ ဆန်ကွဲကို အကြီးအသေး(၂)မျိုးခွဲခြားရာ၌ ဆန်စေ့အပြည့် အလျား၏ထက်ဝက်ကျော်ပါက ဆန်ကွဲအကြီး ၊ ထက်ဝက်‌အောက်ဆိုပါက  ဆန်ကွဲ အသေးဟုသတ်မှတ်ကြောင်း၊ကုန်သွယ်ရေးကျွမ်းကျင်သူများက တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယဆန်ကွဲကို ပြည်တွင်း ဝိုင်အရက်ထုတ်လုပ်မှုအတွက် စက်မှုကုန်ကြမ်းအဖြစ်ဝယ်ယူခြင်းအပြင် ခေါက်ဆွဲထုတ်လုပ်ရန်အတွက်လည်း ဝယ်ယူသည်ဟုပြောကြားကြကြောင်း၊အိန္ဒိယဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌဟောင်းက တရုတ်နိုင်ငံသည် ဆန်ကွဲကို အဓိကထားဝယ်ယူပြီး ဝိုင်အရက်ချက်ရာတွင်ကုန်ကြမ်းအဖြစ် အသုံးပြုခြင်း၊ ခေါက်ဆွဲထုတ်လုပ်ခြင်းများပြုလုပ်ကြောင်း‌၊ ကိုဗစ် ၁၉ ကပ်ရောဂါမတိုင်မီက တရုတ်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့ပြီး ဆန်စက်အချို့ကိုကြည့်ရှုခဲ့ကြောင်း၊ ကျွမ်းကျင်သူတို့က ဆန်ကွဲအဝယ်များလာခြင်းသည် ယူကရိန်းကိုရုရှားကကျူးကျော်စစ်ဆင်နွှဲခြင်းကြောင့် ပြောင်းဈေးနှုန်းများမြင့်တက်လာသည့်အတွက် ဆန်ကွဲကို ပိုမိုအသုံးများလာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

အိန္ဒိယ ဂျုံ တင်ပို့မှုကို UAE (၄)လကြာရပ်ဆိုင်း

          အာရပ်စော်ဘွားများပြည်ထောင်စု(UAE)သည် ကမ္ဘာ့ဒုတိယအများဆုံး ဂျုံထုတ်လုပ်သည့် အိန္ဒိယနိုင်ငံမှထွက်ရှိသည့် ဂျုံနှင့်ဂျုံမှုန့်များ တင်ပို့မှုနှင့်တစ်ဆင့်ခံတင်ပို့မှုတို့ကို(၄)လကြာ ရပ်ဆိုင်း ရန် အမိန့်ထုတ်ထားကြောင်း၊ ပင်လယ်ကွေ့နိုင်ငံ UAE ၏ စီးပွားရေးဝန်ကြီးဌာနက ကမ္ဘာ့ ဂျုံ ကုန် သွယ်မှု ပြတ်တောက်ခြင်းများ ပေါ်‌ပေါက်နေသဖြင့် (၄)လ ပိတ်ပင်ရခြင်းဖြစ်ကြောင်း၊အိန္ဒိယနိုင်ငံက ဂျုံကို UAE  ပြည်တွင်းစားသုံးမှုအတွက် တင်ပို့ရန်ခွင့်ပြုထားသည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့ ကြောင်း၊ အိန္ဒိယက ဂျုံ ပြည်ပတင်ပို့မှုကို မေလ ၁၄ ရက်တွင်ရုတ်တရက်ပိတ်ပင်လိုက်ရာ Letter of Credit(LC)ဖွင့်ပြီးသားဂျုံများကိုမူ ဆက်လက်တင်ပို့ရန်ခွင့်ပြုထားကြောင်း၊ ပြည်တွင်းစားသုံးမှု ဂျုံ ဖူလုံပြီး သေချာစေရန် ဂျုံပြည်ပတင်ပို့မှုကိုပိတ်ပင်ထားပြီးနောက် ဂျုံတန်ချိန် ၄၆၉၂၀၂ တန် တင်ပို့ ရန် ခွင့်ပြုခဲ့ကြောင်း‌၊ မေလ ၁၃ ရက်မတိုင်မီ UAE သို့တင်သွင်းခဲ့သည့်ဂျုံများကို ပြည်ပတင်ပို့ခြင်းနှင့် တစ်ဆင့်ခံပြည်ပတင်ပို့ခြင်းပြုလိုသောကုမ္ပဏီများသည် စီးပွားရေးဝန်ကြီးဌာနတွင် ခွင့်ပြုမိန့် ဉီးစွာ လျှောက်ထားရန်လိုအပ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

အိန္ဒိယသကြားပြည်ပတင်ပို့မှု ထပ်မံကန့်သတ်နိုင်ဖွယ်ရှိ

          အိန္ဒိယနိုင်ငံက သကြားပြည်ပတင်ပို့မှု အများဆုံးပမာဏ ကန့်သတ်ထားခြင်းကို ဒုတိယအကြိမ် အဖြစ်အောက်တိုဘာလ၌စတင်ကျင့်သုံးဖွယ်ရှိကြောင်း၊ပြည်တွင်းသကြားဖူလုံစေရေးနှင့် ပြည်တွင်း သကြားဈေးနှုန်းများ ဈေးမတက်အောင်ထိန်းထားရန်အတွက်ဖြစ်ကြောင်း၊အိန္ဒိယသည် ကမ္ဘာပေါ် တွင်  သကြားအများဆုံးထုတ်လုပ်နေသည့်နိုင်ငံဖြစ်ပြီး  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ သကြားပြည်ပတင်ပို့မှုကို တန်ချိန် (၆-၇)သန်းအထိသာ ခွင့်ပြုရန် ကန့်သတ် နိုင်ဖွယ်ရှိကြောင်း‌၊လက်ရှိသကြားရာသီကာလတစ်လျှောက် တင်ပို့ခဲ့သည်ထက် ၃ ပုံ ၁ ပုံခန့် လျော့ နည်းမည်ဖြစ်ကြောင်း၊ကြံအများဆုံးထွက်သည့် Maharashtra ၌  မိုးဉီးကာလတွင် ပျမ်းမျှမိုးရေချိန် ၏ ၆၀% အောက်တွင်သာ ရွာသွန်းခဲ့သဖြင့် ကြံစိုက်ခင်းများထိခိုက်ပြီး အထွက်နည်းဖွယ်ရှိကြောင်း‌၊ အိန္ဒိယနိုင်ငံသည်  ၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြင့် ပြည်ပသို့ သကြားတင်ပို့မှုများ အတွက် အများဆုံးပမာဏကန့်သတ်ချက်ကို မေလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယခုနှစ် သကြား ရာသီတွင် တန်ချိန် ၁၀ သန်းအထိသာ တင်ပို့ခွင့်ပြုထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

ဆူရှီစားသောက်ဆိုင်လုပ်ငန်း အကြီးအကျယ်လိမ်လည်မှု ဘန်ကောက်တွင်ဖြစ်ပွား

          ဆိုင်ခွဲဖွင့်ခွင့်ပေးပြီး ဆိုင်ခွဲများဖြင့်လုပ်ကိုင်သည့် Daruma Sushi Co ၏လုပ်ငန်းရှင်က ထိုင်းနိုင်ငံမှ ပြည်ပသို့တိမ်းရှောင်သွားသဖြင့် လူပေါင်း ၄၀၀ ကျော်တို့က ရဲကို လိမ်လည်မှုဖြင့် တိုင်ကြားပြီး အမှုဖွင့်ထားကြကြောင်း၊ Daruma Sushi Co က လူကြိုက်များသည့် နာမည်ကြီးဂျပန် ဘူဖေးစားသောက်ဆိုင်ခွဲများလိုင်စင်ချပေးပြီး လုပ်ကိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Central Investigation Bureau(CIB)က ကုမ္ပဏီပိုင်ရှင်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးတွင် စုံစမ်းရာ ဇွန် ၁၆ ရက်ည၌ ဒူဘိုင်းသို့သွားမည့်လေယာဉ်ဖြင့်အဖော်မပါဘဲလိုက်ပါသွားပြီး ဒူဘိုင်း မှတဆင့် ဆက်လက်ခရီးဆက်ပြီး ၎င်းသွားရောက်မည့်ခရီးဆုံးလေဆိပ်ကိုမသိရကြောင်း၊ လိမ်လည်ခံရသူများမှာ Daruma Sushi Co ကရောင်းချသည့် e-voucher ဝယ်ယူထားသူများ၊ ဆိုင်ခွဲ့ဖွင့်ရန် လိုင်စင်ကြေးပေးသွင်းထားသူများနှင့် ကုမ္ပဏီသို့ပစ္စည်းပေးသွင်းထားပြီး ငွေမရှင်းပေးရသေးသူများ ပါဝင်ကြောင်း‌၊ လူပေါင်း ၄၀၀ ကျော် ငွေကြေးဆုံးရှုံးမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း ဘတ်သန်း ၁၀၀ ခန့် ရှိမည်ဟုခန့်မှန်းကြောင်း၊ စားသုံးသူကာကွယ်ရေးဘုတ်အဖွဲ့ရုံးဌာနတွင်လည်း လာရောက်တိုင်တန်းထားသူများပြားကြောင်း‌၊ Daruma Sushi ၏ ဆိုင်ခွဲ ၂၇ ခုတို့ ဆိုင်မဖွင့်ဘဲ တံခါးများ ပိတ်ထားခဲ့ပြီး နောက်ရက်တွင် ကုမ္ပဏီပိုင်ရှင်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ Daruma Sushi ဆိုင်တွင် ပုံမှန်စားသောက်နေသည့် အမျိုးသမီးတစ်ဉီးက ဆူရှီဆိုင်ခွဲလိုင်စင်ယူ၍ဖွင့်ရန် ဆုံးဖြတ်ခဲ့ရာ Daruma Sushi မှ ဝန်ထမ်းက franchise fee ပေးသွင်းရန်လိုအပ်‌ပြီး ပေးသွင်းပြီးပါက အချိန်တန်လျှင် လစဉ် အမြတ်ငွေ ခွဲဝေပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ franchise fee ဘတ် ၂ သန်းပေးသွင်းပြီး ဆိုင်ခွဲ ဖွင့်လှစ်‌ရောင်းချခဲ့ရာ ဆိုင်ခွဲမှနေ့စဉ်ဝင်ငွေကို ကုမ္ပဏီငွေစာရင်းထဲသို့ နေ့စဉ်မပျက်မကွက်ပေးသွင်း ရကြောင်း၊တစ်လပြည့်လျှင် အမြတ် ၁၀% ကို သူမ၏ငွေစာရင်းထဲသို့ ပြန်ပြောင်းထည့်ပေးမည်ဟု ဆိုကြောင်း၊ သူမရောင်းချသည့်ဆိုင်ခွဲက အမြတ်မရသော်လည်း ပထမ ၂ လတွင် တစ်လ တစ်ကြိမ် ၁၀% အမြတ်ဝေစုအဖြစ် ဘတ် တစ်သိန်းကို ၂ လတိုင်တိုင် လစဉ်ရရှိခဲ့ကြောင်း၊ ပြီးခဲ့သည့်လတွင်မူ ၎င်းတို့သုံးစွဲသည့် Line Group Chat မှာ ပိုင်ရှင်က ဆော်လမွန်များရရန် အခက်အခဲများရှိနေ ကြောင်းအသိပေးခဲ့ပြီး သူမနှင့် ဆက်သွယ်၍မရတော့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း