“ပေါ်ဦးပေါ်စ နွေစပါးဆန်စျေးကွက် အခြေအနေ”

Powered by Drupal

                 မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင် ဆောင်ရွက်သောဒေသဖြစ်ရာ စပါးကိုအများဆုံးစိုက်ပျိုးကြပါသည်။ မိုးစပါး၊နွေစပါးအဖြစ် နှစ်ရာသီလုံး စိုက်ပျိုးကြပြီး ၂၀၂၁ - ၂၀၂၂ခုနှစ်အတွက် နွေစပါး လျာထားဧက(၄၃၅၀၂)ဧက လျာထားခဲ့ပြီး (၄၆၇၇၇)ဧကစိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည် ။ နွေစပါးများကို မတ်လကုန် ဧပြီလဆန်းပိုင်းမှ စတင်စိုက်ပျိုးကြပြီး ယခုဇွန်လဆန်းတွင်  စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ နွေစပါးမျိုးကွဲများအနေဖြင့် ရက်(၉၀) ၊ ရက်(၁၁၀)မျိုးများကို အများဆုံးစိုက်ပျိုးပြီး မနောသုခ၊ရွှေသွယ်ရင် စပါးမျိုးများလည်း စိုက်ပျိုးကြပါသည်။ စိုက်နည်းစနစ်အနေဖြင့် တိုက်ရိုက် အစေ့ချ ၊ ကြဲခင်းအဖြစ်အများဆုံး စိုက်ပျိုးကြပြီး ပျိုးထောင် စိုက်အနည်းငယ်သာ စိုက်ပျိုးကြကြောင်း၊ ရေသောက်နည်းလမ်းအနေဖြင့် ဆည်ဘောင်ရိုး ၊ ရေလှောင်တမံတည်ရှိရာဖြစ်၍ အများစုမှာ ဆည်ရေသောက်ဧရိယာများပြီး သဘာဝရေနဲ့ လည်းစိုက်ပျိုးကြပါသည် ။ ယခုအခါတွင် နွေစပါး (၉၆၀၁)ဧက ရိတ်သိမ်းပြီးဖြစ်၍ တစ်ဧကလျှင် အထွက်နှုန်း(၁၀၆)တင်း ခန့်ထွက်ရှိကြောင်း  သက်ဆိုင်ရာဌာနစာရင်းများ အရသိရှိရပါသည် ။ နွေစပါး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် လယ်ကန်သင်းပေါ်အ‌ရောက် ရိတ်သိမ်းချွေလှေ့ခ (၁၀၀၀၀၀/-)ကျပ်၊ မြေပြင်ခြင်း ၊ မျိုးကြဲပတ်ခြင်းနှင့် အပင်ပြုစုခြင်းအတွက်(၂၅၀၀၀၀/-) ကျပ်၊ မျိုး ၊ ဓါတ်မြေသြဇာ ၊ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေး၊ လုပ်အားခအတွက်(၂၉၀၀၀၀/-)ကျပ် ၊ စုစုပေါင်းကုန်ကျငွေ(၆၄၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကျ ကြောင်း ၊ ပေါ်ဦးပေါ်စ နွေစပါးစျေးကွက်အနေဖြင့် ဇွန်လဆန်းပိုင်းမှာ (၄၆)ပေါင်ကိုက် စပါးတင်း (၁၀၀)လျှင် မနောသုခ(၈၀၀၀၀၀/-)ကျပ်၊ ရက်(၉၀) ၊ ရက်(၁၁၀)လျှင် (၇၈၀၀၀၀/-)ကျပ် ရှိခဲ့ရာမှ ယခု ဇွန်လလယ်မှာတော့ မနောသုခ (၈၅၀၀၀၀/-)ကျပ်၊ ရက်(၉၀)၊ရက်(၁၁၀)လျှင်(၈၅၀၀၀၀/-) ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိရာ စျေးနှုန်းမြှင့်တက်နေပြီး တောင်သူများ စျေးကောင်းရရှိနေကြောင်း ၊ ဆန်စျေးကွက်အနေဖြင့် (၂၄)ပြည် တစ်အိတ်လျှင် ဇွန်လဆန်းပိုင်း၌ မနောသုခ (၂၈၀၀၀/-)ကျပ် ၊ ရက်(၉၀) ၊ ရက်(၁၁၀)လျှင် (၂၇၀၀၀/-)ကျပ် ရှိခဲ့ရာမှ ဇွန်လအလယ်ပိုင်းတွင် မနောသုခ(၃၀၀၀၀/-)ကျပ်၊ ရက်(၉၀)၊ရက်(၁၁၀) လျှင်(၃၁၀၀၀/-)ကျပ်  စျေးနှုန်းများဖြင့် အရောင်းအဝယ်သွက်လျက်ရှိပြီး မန္တလေးကုန်သည် ပွဲစားများထံသို့အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း၊ စက်ပိုင်၊ ကုန်သည်၊ပွဲစားများထံမှ သိရှိရပါသည် ။ မိုးစပါးများဖြစ်သော မဂျမ်းတော နှင့် မနောသုခ ဆန်များသာဒေသတွင်း စားသုံးသူများသည့်အတွက်ကြောင့် နွေစပါးအားရိတ်သိမ်းပြီး လယ်ကန်သင်းပေါ်တွင် ပွဲစား  ၊ စက်ပိုင်များထံသို့ စပါးအစိုအတိုင်း ရောင်းချကြကြောင်း၊ ယခုနှစ်တွင် သွင်းအားစု ဓါတ်မြေသြဇာစျေးကြီးပေမယ့် အထွက်နှုန်းကောင်းပြီး စျေးကောင်းရရှိလို့ တောင်သူတွက်ချေကိုက်လျှက်ရှိပြီး ယခုစျေးအတိုင်း ဆက်လက်ရောင်းချရနိုင်ရေး မျှော်လင့်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)