
ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာခွဲပေါင်း(၃၃၉)ရွာရှိသည့်အနက်မှ စပေါင်းကုန်း ကျေးရွာသည် ပွင့်လင်းရာသီ၌ မြေထည်လုပ်ငန်းများကို လုပ်ကိုင်လေ့ရှိသော ကျေးရွာတစ်ရွာ ဖြစ်ပါသည်။ မြေထည်လုပ်ငန်းမှ ထွက်ရှိသောပစ္စည်းများမှာ ရေအိုး၊ အတာသင်္ကြန်အိုး၊ ဆားအိုး၊ ဟင်းအိုးပြင်ခွက်ဝင်အိုး၊ ဟင်းအိုးပြင်ပြည်ဝင်အိုး၊ ကောက်ညှင်းပေါင်းအိုး၊ ထန်းရည်မြူအိုး၊ ဘုရားပန်းအိုးတို့အား ပြုလုပ်ရောင်းချလျက်ရှိပါသည်။ ယခုအချိန်အခါသည် မြန်မာလူမျိုးတို့၏ နှစ်သစ်သို့ ကူပြောင်းတော့မည် တန်ခူးလရာသီ သို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မြန်မာဓလေ့ထုံးလမ်းအစဉ်အလာရကျင်းပလေ့ရှိသော သင်္ကြန်ပွဲတော်နှင့်အတူ အတာသင်္ကြန်အိုးများသည် ဝယ်ယူမှုများလာ သည့်အတွက် တစ်ရက်လျှင်အလုံးရေ(၁၀၀၀)လုံးခန့် ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိသည်။ အတာသင်္ကြန်အိုးများကို ကျောက်ပန်းတောင်းမြို့မှတစ်ဆင့် ချောက်မြို့နယ် ဂွေးချို၊ ဂွေးပင်၊ ထိန်စမ်း၊ ကန်ရေကြီး၊ ကန်ရေလေးသို့လည်းကောင်း၊ စလေမြို့သို့လည်းကောင်း၊ နတ်မောက်မြို့ နယ်နှင့်တောင်တွင်းကြီး မြို့နယ်များသို့လည်းကောင်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ အတာသင်္ကြန်အိုးများကို လက္ကားအနေဖြင့်တစ်လုံးလျှင်(၈၀၀)ကျပ်၊ လက်လီအနေဖြင့်(၁၀၀၀)ကျပ်၊ မုန့်ပြားသလက်အိုးခင်းနှင့် ဟင်းအိုးပြင်ခွက်ဝင်အိုးများသည် လက္ကားအနေဖြင့်(၁၀၀၀)ကျပ်၊ လက်လီ အနေဖြင့်(၁၅၀၀)ကျပ်၊ ကောက်ညှင်းပေါင်းအိုးနှင့်ဟင်းအိုးပြင်ပြည်ဝင်အိုးများသည် လက္ကားဈေးအနေဖြင့်(၁၅၀၀)ကျပ်၊ လက်လီအနေဖြင့်(၂၅၀၀)ကျပ်၊ ဆားအိုးနှင့်ဘုရားပန်းအိုးအလတ်များသည် လက္ကားအနေဖြင့် (၈၀၀)ကျပ်၊ လက်လီအနေဖြင့်(၁၀၀၀)ကျပ်၊ သောက်ရေအိုးတစ်လုံးလျှင် လက္ကား (၄၅၀၀)ကျပ်နှင့် လက်လီ(၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)