စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည် (သို့) ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍သော်လည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ စာဖြင့် တိုင်ကြားလာသည့် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ရုံးတွင် CCTV(၄)လုံးအား မိတ္ထီလာမြို့ရှိ CCTV အရောင်းဆိုင်မှ လုပ်ငန်းရှင်ကိုယ်တိုင် တာဝန်ယူလာရောက်တပ်ဆင်ပေးခဲ့ပြီး (၃)လဖမ်းယူကြည့်ရှုနိုင်ခဲ့ပြီး (၁/၂၀၂၂)လမှစတင်၍ ဖမ်းယူကြည့်ရှုမရပါသဖြင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ခေါ်ယူခဲ့ရာ လုပ်ငန်းရှင်မှရက်ချိန်းများပေးပြီး လာရောက်ပြုပြင်ပေးမှုမရှိခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် CCTV(၃)လုံးအား (၁.၃.၂၀၂၂)ရက်နေ့တွင် ၎င်းဆိုင်မှပင်တာဝန်ယူ၍ လာရောက်တပ်ဆင်ခဲ့ပြီး CCTV (၁)လုံးမှာ Error ဖြစ်နေပါသဖြင့် တပ်ဆင်ပြီး (၃)ရက်အကြာ(၄.၃.၂၀၂၂)ရက်နေ့တွင် တာဝန်ယူတပ်ဆင်ခဲ့သော လုပ်ငန်းရှင်အား တယ်လီဖုန်းဖြင့်ဆက်သွယ်၍ အကျိုးအကြောင်းပြောကြားခဲ့ရာ တစ်ပတ်အတွင်း လာရောက်ပြုပြင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း လာရောက်ပြုပြင်ပေးခြင်း မရှိသည့်ကိစ္စနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ လုပ်ငန်းရှင်အား ဆက်သွယ်၍ ဖြေရှင်းခဲ့ရာ လုပ်ငန်းရှင်မှ နေ့ချင်းပြီးသွားရောက်ပြင်ဆင်ပေးခဲ့ကြောင်းနှင့် စားသုံးသူအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းပေးမှုအား စိတ်ကျေနပ်မှု အပြည့်အဝရရှိသည့်အတွက် တိုင်ကြားထားသည့်အမှုအား အမှုပိတ်သိမ်းပေးရန် တင်ပြခဲ့ကြောင်းသိရှိရပါသည်။ မိတ္ထီလာခရိုင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးအနေဖြင့် နေ့စဉ်ဖွင့်လှစ်၍ တိုင်ကြားမှုများအား နေ့စဉ်လက်ခံဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)