ငါန်းဇွန်မြို့၌ ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ငါန်းဇွန်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေခံပြုဗဟိုဌာန (Community Center) ခန်းမ၌ ၂၂.၆.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ချိုမြင့်ကြည်မှ မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပါတ်သက်၍ စားသုံးသူ၏ အဓိပ္ပာယ်၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များနှင့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါမပါ သေချာစွာဂရုစိုက်ဝယ်ယူသုံးစွဲကြရန်၊ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီးနှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (CICC)ရုံးများသို့ ဆက်သွယ်တိုင်ကြားနိုင်သကဲ့သို့ စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းဆက်သွယ်၍ စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များ၊ ဆုံးရှုံးနစ်နာမှုများအား အလွယ်တကူဆက်သွယ် မေးမြန်းတိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူနှင့် ကျောင်းသားမိဘ စုစုပေါင်း(၂၅)ဦးတို့အား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)