နာနတ်သီးနဲ့ ရှမ်းတောင်ဈေးကွက်

Powered by Drupal

                ယနေ့ကမ္ဘာပေါ်တွင် လူသားတို့သည် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ အမျိုးအစားပေါင်း ထောင်ဂဏန်းရှိသော်လည်း လက်ရှိပစ္စုပ္ပန်ကာလထိ စားသုံးလို့ရသည့် bromeliad နွယ်ဝင်သစ်သီး တစ်မျိုးတည်း သာရှိနေပါသည်၊ ၎င်းမှာနာနတ်သီးဖြစ်ပါသည်၊ နာနတ်သီးသည် ရင်ကိုအေးမြစေပြီး ကိုလက်စထရောပါဝင်မှုနည်းပါးပြီး လူသားတို့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သောဗီတာမင်နှင့် သတ္တုဓါတ်တို့စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသည်၊ ကမ္ဘာပေါ်တွင် နာနတ်သီးမျိုးခွဲပေါင်း(၂၀၀၀)ကျော် ရှိပါသည်၊ စရိတ်ကျဉ်းစွာစိုက်ပျိုးနိုင်သောအသီးလည်းဖြစ်ပါသည်၊ နာနတ်သီးမှာ ဗီတာမင်ဓါတ် ကြွယ်ဝစွာ ပါဝင်သည့်သီးနှံဖြစ်ပြီး နာနတ်သီးမှတန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ စျေးကွက်တန်ဖိုးကို မြှင့်မား စေသောကြောင့် ကမ္ဘာ့နိုင်ငံများတွင်အများအပြားစိုက်ပျိုး ရောင်းလိုအား ဝယ်လိုအားမြှင့်မား သောသီးနှံတစ်မျိုးဖြစ်ပါသည်။

                    နာနတ်သီးပင်တို့၏ မြစ်ဖျားခံရာဒေသမှာ တောင်အမေရိကတိုက်၏ အပူပိုင်းဇုံ ဖြစ်သည့် ဘရာဇီးနှင့် ပါရာဂွေးနိုင်ငံတို့ ဖြစ်ပါသည်။ ၎င်းနိုင်ငံများတွင် အစဦးပိုင်း၌ နာနတ်သီးကိုမနှစ်သက် ကြသော်လည်း နောက်ပိုင်းတွင် နာနတ်သီးက ဗီတာမင်စီဓာတ် ချို့တဲ့မှုကြောင့်ဖြစ်တတ်သည့် သွေးရောဂါ များကို  ပျောက်ကင်းစေနိုင် သောဆေးဖက်ဝင် အသီးအဖြစ် သိရှိလာခဲ့ချိန်မှစ၍ နာနတ်သီးသည် ရေပန်းစား လာခဲ့ပါသည်၊ အင်္ဂလိပ်လူမျိုးတွေက pineapple လို့ခေါ်ကြရခြင်းမှာ နာနတ်သီးအခွံဟာ ထင်းရှူးအတွဲနှင့် တူသည့်အတွက် ဖြစ်ပါသည်၊ သို့သော် ဥရောပတိုက်သားအများစုမှာ ဒေသရင်းခံ ရက်အင်ဒီးယန်း တို့ခေါ်ကြတဲ့ Anana (အန်နာနာ)အမည်ကိုသာ အသုံးပြုကြပါတယ်၊ နာနတ်သီးဟာ အရသာချိုမွှေးအေးမြ သည့်အတွက် လူအများနှစ်သက်စွာစားသုံးကြသလို ကျန်းမာရေး အတွက်လည်းအကျိုးအထူးပေးပါသည်၊ ထို့နောက်အာဖရိကနှင့် အာရှတိုက်များသို့ နာနတ်သီးစားသုံးသော ယဉ်ကျေးမှုပျံ့နှံ့လာပြီး ယခုအခါ နာနတ်သီးသည် ကမ္ဘာသုံးအသီးအနှံတစ်ခုဖြစ်လာပါသည်။

                      မြန်မာနိုင်ငံတွင် နာနတ်သီးကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စိုက်ပျိုးကြပြီး ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း) သီပေါ၊ ဧရာဝတီ၊ ပဲခူးအနောက်၊ မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုး ဖြစ်ထွန်းပါသည်။ နာနတ်သီး စိုက်ပျိုးဖြစ်ထွန်းသည့်ရာသီဥတုမှာ အပူချိန်မှာ (၁၅.၅ မှ ၃၂.၅)ဒီဂရီ စင်တီဂရိတ်တွင် အသင့်တော်ဆုံးဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် (၁၅၂၅)မီတာအထိ စိုက်ပျိုး နိုင်ပြီး အသင့်တော်ဆုံးမိုးရေချိန်မှာ (၁၅၀) စင်တီမီတာဖြစ်ပါသည်။ မြေဆီသြဇာထက်သန်ပြီး ရေစီးစိမ့်ဝင်မှု ကောင်းသော သဲဆန်သည့် မြေ၊ နုန်းမြေ၊ ဂဝံမြေနီများသည် နာနတ်သီး စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် မြေများဖြစ်ပါသည်။ အသင့်တော်ဆုံး မြေအချဉ်ငံ ဓါတ် PH မှာ(၅.၅-၆) ဖြစ်ပါသည်။ နာနတ်သီးကို ဇွန်လနှင့် ဇူလိုင်လများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ စတင်စိုက်ပျိုးချိန်မှ တတိယနှစ်တွင် အသီး ခူးဆွတ်ရရှိပြီး သက်တမ်း(၇)နှစ်အထိ အသီးခူးဆွတ်ရရှိပါသည်။ ဇူလိုင်လ စတင်ထွက်ပေါ်ပြီး သြဂုတ်လတွင် လှိုင်လှိုင် ထွက်ရှိပါသည်။ နာနတ်သီးသည်နှစ်လတ်သီးနှံဖြစ်ပါသည်။ အသီးအောက်မှထွက်ရှိသော သားတက်များ (slip)များနှင့် ပင်စည်မှထွက်လာသော သားတက် (sucker)ကို စိုက်ပျိုးခြင်းသည် အသီးပေါ်မှထွက်လာသော အပင်(Crown)ကိုစိုက်ပျိုးခြင်း ထက်ပိုမိုကောင်းမွန်ပါသည်။ စိုက်ပျိုးသည့် အမျိုးအစားကွဲပြားသည်နှင့်အညီ အပင်ကြီးထွားမှု၊ အပင်ညီညာမှု ကွာခြားပါသည်။  ဤအချက်သည် နာနတ်သီးအထွက်ကောင်းရန် ဆောင်ရွက်ရမည့်အချက်ဖြစ်ပါသည်။ စိုက်ပျိုးနည်းစနစ်မှာ မြေပြင်အနေအထားနှင့် မိုးရေ ချိန်ပေါ်မူတည်၍ ကွဲပြားပါသည်။ မြေဆီလွှာတိုက်စားမှု မရှိသောနေရာများတွင် စိုက်ကျင်းတူး၍ တူးဖော်စနစ်ဖြင့် စိုက်ပျိုး ကြပါသည်၊ (၁၅-၂၀)  စင်တီမီတာ အနက်ရှိ စိုက်ကျင်းများ ကိုတူး၍ စိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင်နာနတ်စိုက်ပျိုးရန်အတွက် ထွန်စက်ဖြင့် ထယ်ထိုးခြင်း၊ ဘောင်ဖော်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ရပါသည်။ (၆)ပေအကျယ်ရှိသော ဘောင်နှစ်ဘောင်ကြားတွင် ထွန်စက်ဖြင့် မြောင်းများကို တူးဖော်၍ နာနတ်ပင်များကို တစ်ပင်နှင့် တစ်ပင်(၁)ပေ ခြားစီ ခြားပြီး တြိဂံပုံစံဖြင့် စိုက်ပျိုးကြသည်ကို လေ့လာသိရှိရပါသည်။ တစ်ဧက ဆံ့ဝင်အပင်မှာ (၁၅၀၀၀) မှ (၂၀၀၀၀)ခန့် ဆံ့ဝင်ပါသည်။ ပင်စည်မှ ထွက် လာသော သားတက်ကို စိုက်ပျိုးပါက(၂)နှစ်အတွင်း ရရှိမည်ဖြစ်ပြီး၊ အသီးပေါ်မှ အပင်ကို စိုက်ပျိုးပါက (၃) နှစ်ကျော်မှသာ အသီးရရှိမည်ဖြစ်ပါသည်။

                    အပင်စိုက်ပျိုးပြီး(၁၁-၁၂)လအကြာတွင် ပန်းပွင့်ပြီး၊ (၁၅-၁၈)လအကြာတွင် ရိတ်သိမ်းနိုင် သောအဆင့်ရရှိနိုင်ပါသည်၊ ဆောင်းရာသီတွင်ရင့်မှည့်သောအသီးများမှာ အချဉ်ဓါတ်များသည်၊ စည်သွတ်ရန် အတွက်ဖြစ်လျှင် ကြီးထွားဆဲအသီး၏ အခြေတွင် အရောင်အနည်းငယ်ပြောင်းလျှင် ခူးဆွတ်နိုင်ပါသည်၊ ခူးဆွတ်ရာတွင် နာနတ်သီးအူတိုင်ကို တစ်လက်မခန့်ထား၍ဓားဖြင့် ခုတ်ယူခူးဆွတ်ရန် လိုအပ်ပါသည်။ ရင့်မှည့်သည့် အသီးများကို ရွေးချယ်ခူးဆွတ်ရမည်။ လတ်လတ်ဆတ်ဆတ် စားသုံးရန်အတွက် ဖြစ်လျှင် အသီးအရောင် ​ရွှေဝါရောင်ဖြစ်လာသည်အထိ ထားရှိရပါမည်။ ခူးဆွတ်ပြီးအသီးများကို ညင်သာစွာ ကိုင်တွယ်ရပါမည်။ အသီးပေါ်ရှိအပင်ပါသည့်အသီးကို ခူးဆွတ်ပြီး (၁၀)ရက်မှ (၁၅) ရက်အထိ ထားသိုနိုင်ပါသည်။

                  နာနတ်တွင် ပိုးမွှားရောဂါ ကျရောက်မှုနည်းပါးပါသည်။ နာနတ်စိုက်ခင်းတွင် ပိုးကျရောက်မှု နည်းသော်လည်း နာနတ်စိုက်ပျိုးမည့်မြေများတွင် အင်းဆက်ပိုးများရှိနေနိုင်ပြီး ၎င်းပိုးများမှာ မြေကြီး အတွင်းမှ အမြစ်များအား ကိုက်ဖြတ်ခြင်း ထိုမှတဆင့်အသီးအတွင်းနှင့် အရွက်များအထိပါကိုက်ဖျက် စားသုံးခြင်းများပြုလုပ်နိုင်သောကြောင့် နာနတ် မစိုက်မီ မြေကြီးများအားတူးဖော်ပြီးလျှင် ပိုးသတ်ဆေး (မှိုသတ်ဆေး) တစ်မျိုးကိုပက်ဖျန်းပေးရပါသည်၊ အသီးမသီးခင်အချိန်တွင်လည်း စိုက်ခင်းအား ပိုးသတ်ဆေး (မှိုသတ်ဆေး) တစ်မျိုးဖြန်းပေးရပါသည်၊ နာနတ်သီးတွင်ကျရောက်တတ်သော အသီးစားပိုး (ဒေသအခေါ် ခူယား)မှာလည်း နာနတ်သီးများကို ကိုက်ဖျက်စားသုံးမဟုတ်ပဲ ပုပ်သွားသော(အမှည့်လွန် သွားသော) အသီးများကိုသာ စားသုံးခြင်းဖြစ်ပါသည်။ ဆီးနှင်းကျရောက်မှု အားကာကွယ်ရန် အပင်ငယ်များကို ကောက်ရိုးဖြင့် ဖုံးအုပ်ပေးရပါသည်။

                 နာနတ်သီးသည် အသားဓာတ်များသော သီးနှံဖြစ်၍ လူကြိုက်များသော သီးနှံ တစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးတွင် ဗီတာမင်စီချို့တဲ့မှုကြောင့် ဖြစ်တတ်သည့် သွေးရောဂါများကို ပျောက်ကင်း စေနိုင်သော ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။ ကိုလက်စထရောပါဝင်မှု နည်းပါးပြီးလူသားတို့ ကျန်းမာရေး အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသည်။ နာနတ်သီးသည် Bromelain ဟုခေါ်သော အင်ဇိုင်းတစ်မျိုးပါဝင်သည့် တစ်ခုတည်းသောအသီး ဖြစ်ပါသည်။ အထူးသဖြင့် အသီးအလယ် အူတိုင်ထဲရှိ Bromelain ဓါတ်က ကျန်းမာရေးကို ကောင်းကျိုးပြုပါသည်။ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး အထူးသဖြင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးပါ သည်။ နာနတ်သီးသည် အရသာရှိပြီး အာဟာရပြည့်ဝစွာ ပါဝင်သောကြောင့် နာနတ်သီးကို များသောအားဖြင့် အစိတ်ကလေးများအဖြစ် စားသုံးလေ့ရှိပြီး ဖျော်ရည်၊ ယိုစုံ အဖြစ်လည်း စားသုံးကြပါသည်။ ကျောက်ကျော၊ ဂျယ်လီ၊ သကြားလုံး၊ ပီကေ စသည်တို့အပြင် ကြာရှည်အထားခံရန် အရည်ညှစ်၍ သစ်သီးခြောက်လုပ်၍လည်းကောင်း၊ စည်သွပ်ဗူးဖြင့် လည်းကောင်းစားသုံးကြပါသည်။ ဟင်းလျာများတွင်လည်း အရသာထူး စေရန် အမျိုးမျိုးအဖုံဖုံ သုံးဆောင်နိုင်ကြပါသည်၊ လူနီအင်ဒီးယန်း လူမျိုးများသည်နာနတ်သီးကို ဆေးဖက်ဝင်အစာကြေဆေးအဖြစ် လည်းကောင်း၊ အသားနုတက်ဆေး (Healer)အဖြစ် လည်းကောင်းသုံးစွဲကြပါသည်။ အင်ဒီးယန်း အမျိုးသမီးများသည် နာနတ်သီးအသားဖတ်များ ဖြင့် ခန္ဓာကိုယ်အနှံပွတ်သပ်ကာ အသားအရေစိုပြည် အောင်ပြုပြင်ကြပါသည်။ အရေပြားပေါ် တွင်ဖြစ်တတ် သောကြွက်နို့များ ၊ အဖုအသားမာများကိုလည်း ချေဖျက်ပေးနိုင်ပါသည်။ ဆေးဖက်ဝင်အစွမ်းထက်သော Bromelain သည်နာနတ်ရွက်မှအသီးအထိ ကြွယ်ဝစွာပါဝင်ပါသည်။ Bromelainသည် နှလုံး ရောဂါကို ကုသရာတွင်ထိရောက်သော အထောက် အပံ့ဖြစ်စေသလို သွေးခဲခြင်းနှင့် သွေးယိုစိမ့်ခြင်း အစွန်းနှစ်ဖက်ကို ထိန်းချုပ် နိုင်စွမ်းရှိပါသည်။ မျက်လုံးအမြင်အာရုံအတွက်စားသုံးပေးနိုင်သလို အရိုးခိုင်မာသန်စွမ်းဖို့ အတွက် တစ်ရက်လျှင် နာနတ်ဖျော်ရည်တစ် ခွက်သောက်သုံးသင့်ဟု လေ့လာသိရှိရပါသည်။ အရေပြားတွန့်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ဒေသတွင်းထွက် နာနတ်ဝိုင်အဖြစ်လည်း အသုံးပြုကြပါသည်။

                   နာနတ်သီး၏အရည်အသွေးမှာ စားသုံးနိုင်သည့် ပမာဏ၆၀%၊ ရေဓါတ်၈၅%၊ ပရိုတင်း ဓါတ်၀.၄%၊ သကြားဓါတ် ၁၄%၊ အဆီဓါတ် ၀.၁%၊ အမျှင်ဓါတ် ၀.၅% ဖြစ်ပါသည်။ နာနတ်သီးတွင် လူသားတို့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓါတ်တို့စုဝေးရာအရင်းအမြစ် လည်းဖြစ်ပါသည်။ ၁၀၀ ဂရမ်ရှိသော လတ်လတ် ဆတ်ဆတ်နာနတ်သီး (၁) ခွက်ထဲတွင် ကယ်လိုရီ (၅၀) မီလီဂရမ်၊ ကယ်လ်ဆီယမ် (၁၃)မီလီ ဂရမ်၊ ပိုတက်(၁၁၀) မီလီဂရမ်၊သံ ဓါတ်(၀.၂၉)မီလီဂရမ်၊ဖော့စဖရက် (၁၁)မီလီဂရမ်၊ ဇင့် (၀.၂၂)မီလီဂရမ်၊ ကစီဓါတ် (၁၃.၂)မီလီဂရမ်၊ ပရိုတင်းဓါတ် (၀.၅၄)မီလီဂရမ်၊ အဆီ (၀.၁၂) မီလီဂရမ်၊ ဗီတာမင်စီ(၃၇.၂)မီလီဂရမ်၊ ဗီတာမင်ဘီ-1(၀.၀၇၉)မီလီဂရမ်၊ ဗီတာမင်ဘီ-2 (၀.၀၇၉) မီလီဂရမ်၊ ဗီတာမင်ဘီ-3 (၀.၄၉၅)မီလီဂရမ်၊ဗီတာမင်ဘီ-5 (၀.၂၀၅) မီလီဂရမ်၊ ဗီတာမင်ဘီ-6(၀.၁၁၁) မီလီဂရမ်၊ ဗီတာမင်အီး (၀.၆၂) မီလီဂရမ်၊သကြား(၉.၅) ဂရမ်နှင့် ချေဖျက်လွယ်သောအမျှင် (၁.၄) ဂရမ်တို့ အသီးသီး ပါရှိသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နာနတ်သီးစိုက်ဧက(၁၀၀၀)ကျော်စိုက်ပျိုးပြီး အထွက်နှုန်း (၄၀၀၀) ကျော်ထွက်ရှိပါသည်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်  ဆီဆိုင်၊ နမ်စန်၊ မိုင်းကိုင်၊ မိုင်းပန် စသည့် မြို့နယ်များမှာ အများဆုံးစိုက်ပျိုးပါသည်။ နာနတ်သီးစတင်စိုက်ပျိုးသည်မှ အသီးတုန်းသည့်သတ္တမနှစ်အထိ စုစုပေါင်းကုန်ကျစရိတ်မှာ (၃၉၄၀၀၀၀ိ/-)ခန့်ရှိပြီး အကျိုးအမြတ်မှာ(၉၀၁၀၀၀၀ိ/-)ဖြစ်ပါသည်။ ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်သော တစ်ချို့တောင်သူများအနေဖြင့် အနီးတဝိုက်ရှိမြို့နယ်များ အတွင်း(၅)ရက်တစ်ဈေး များတွင်လည်းကောင်း၊ တစ်ချို့တောင်သူများမှာ ခြံပြတ်စနစ်ဖြင့်ရောင်းချကြပါသည်။ ခြံပြတ်စနစ်မှာ ခြံပိုင်ရှင်များမှနာနတ်သီးကို တာဝန်ယူပြုစုထိန်းသိမ်းစောင့်ရှောက်ရပြီး ခူးဆွတ်ချိန် ရောက်လျှင်ခြံပြတ် ဝယ်ယူသူမှ လာရောက်ခူးဆွတ်ပါသည်။ ရန်ကုန်သို့တိုက်ရိုက်တင်ပို့ ရောင်းချခြင်းမရှိသော်လည်း ရန်ကုန်မှ ကုန်သည်ပွဲစားများမှ ကျေးရွာစိုက်ခင်းအထိ လာရောက်ဝယ်ယူမှုများလည်းရှိပါသည်။ ပြည်နယ်တွင်းမြို့ပေါ် များရှိ စတိုးဆိုင်များ၊ ကိုယ်ပိုင်အိမ်ဆိုင်ငယ်များသို့ လည်းတင်ပို့ရောင်းချကြပါသည်။ ပြည်နယ်အတွင်း မြို့နယ် ချင်းဆက်လမ်းများ ကောင်းမွန်ခြင်းကြောင့်သယ်ယူပို့ဆောင်မှု အခက်အခဲမရှိပါ။ မြို့နယ်များရှိ (၅) ရက်တစ်ဈေးသို့ တင်ပို့ရောင်းချရာတွင် ကိုယ်ပိုင်ယာဉ်များ၊ ထော်လာဂျီများဖြင့် သယ်ယူတင်ပို့ ရောင်းချ ကြပါသည်။ ရန်ကုန်၊ နေပြည်တော်များသို့ (၁၀)ဘီးကားများဖြင့် သယ်ယူတင်ပို့ရောင်းချကြပါသည်။ နာနတ်သီးများမှာ နမ့်စန်မြို့နယ်မှာ ဇွန်လ၊ ဇူလိုင်လများတွင်ထွက်ရှိပြီး ဆီဆိုင်၊ မိုင်းကိုင်မြို့နယ်မှ ဇူလိုင်လ ကုန် သြဂုတ်လများတွင်ထွက်ရှိပါသည်။ လက်ရှိဒေသပေါက်ဈေးနှုန်းမှာ ရိုးရိုးသီးတစ်လုံး(၄၀၀ိ/-) မှ (၈၀၀ိ/-)၊ အရည်ရွှမ်းသီး(ပျား) တစ်လုံး(၁၀၀၀ိ/-)မှ(၁၅၀၀ိ/-)ဖြစ်ပါသည်။ လက်ရှိအခြေအ​နေတွင် ပြည်နယ်တွင်းရှိ မြို့နယ်များသို့လည်းကောင်း၊ ရန်ကုန်၊ နေပြည်တော်သို့လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။ သီးနှံဖျော်ရည်လုပ်ငန်း၊ ဝိုင်လုပ်ငန်းများလုပ်ကိုင်သော လုပ်ငန်းရှင်များမှလည်း ဝယ်ယူလျက်ရှိပါသည်။

                  ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စိုက်ပျိုးထွက်ရှိသောနာနတ်သီးသည် ပြည်တွင်းစားသုံးမှု အတွက်သာ အဓိကစိုက်ပျိုးထုတ်လုပ်ပါသည်။ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် စိုက်ပျိုး ထုတ်လုပ် သည့်လုပ်ငန်းစဉ်များမှာလည်း မိရိုးဖလာလုပ်ငန်းများအတိုင်း စိုက်ပျိုးထုတ်လုပ်သည့်အတွက် ပြည်ပတင်ပို့ ရောင်းချရာတွင် လိုအပ်သည့် အဆင့်မြင့်နည်းပညာများဖြင့် စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ပါသည်။ ပြည်တွင်း၌ နာနတ်သီးနှင့် ပတ်သက်သည့်တန်ဖိုးမြှင့်ထုတ်လုပ်နိုင်သည့် စက်ရုံ၊ အလုပ်ရုံများ ပိုမိုထွန်းကားလာမှသာ နာနတ်သီးစိုက်ပျိုးထုတ်လုပ်မှုသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း သုံးသပ်မိပါသည်။ နာနတ် သည်ရေအရမ်းဆာသော အပင်မဟုတ်သဖြင့် အခြားစရိတ် လုပ်ခသက်သာခြင်း၊ အကြမ်းခံနိုင်ခြင်းတို့ ကြောင့် နာနတ်ပင်သည် စီးပွားဖြစ်စိုက်ပျိုးသင့်သော သီးနှံဖြစ်၍ နာနတ်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းအား စဉ်ဆက်မပြတ်ဆောင်ရွက်ကြမည့်အပြင် တိုးချဲ့စိုက်ပျိုးထုတ်လုပ်သင့်သော သီးနှံဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(ရှမ်း)