အရောင်းအဝယ်အေးနေတဲ့ ဂျင်းဈေး

Powered by Drupal

           ရှမ်းပြည်နယ်(အရှေ့ပိုင်း) သည် တိုင်းရင်းသားလူမျိုးများစွာရှိပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်စားသောက်နေထိုင်ကြပါသည်။ မြေပြန့်လွင်ပြင်များတွင် စပါးကိုအများဆုံးစိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို တောင်ကုန်း၊ တောင်စောင်းများနှင့် လူနေထိုင်ရာခြံဝင်းများတွင် စိုက်ပျိုးကြပါသည်။ ကျိုင်းတုံမြို့မှ (၂၁)မိုင်ခန့်ကွာဝေးသော လွိုင်မွေမြို့သည် စားဖိုဆောင်သီးနှံ အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၅၅၄၂)ပေတွင် တည်ရှိသည့် တောင်ပေါ် ဒေသဖြစ်ကာ ရှမ်း၊ လားဟူ၊ အာခါ လူမျိုးအများစုနေထိုင်ကြပါသည်။

          လွိုင်မွေမြို့သို့ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၂)ရက်နေ့တွင် လွိုင်မွေအုပ်စု၊ ဟိုလပ် အာခါကျေးရွာသို့သွားရောက်၍ တောင်သူ ဦးအားကျိနှင့် တွေ့ဆုံကာ စားဖိုဆောင်သီးနှံဖြစ်သည့် ဂျင်းစိုက်ပျိုးရောင်းချမှုအခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။ လွိုင်မွေဒေသတွင် ဂျင်းကိုနှစ်စဉ် မတ်လတွင်အများဆုံးစိုက်ပျိုးလေ့ရှိကြပါသည်။  ဂျင်းဈေး ကောင်းလျှင် စိုက်ပျိုးပြီး (၃)လအကြာ ဂျင်းအပင်ပေါက်လျှင် စိုက်ပျိုးထားသည့် ဂျင်းကို ပြန်လည်တူးဖော်၍ အပင်ပေါက်လာသည့် အတက်များကို ချိုး(ခုတ်)ကာ အသစ်စိုက်ပျိုး၍ တူးဖော်ထားသည့် ဂျင်းအဟောင်းများကို ရောင်းချလေ့ရှိပါသည်။ ဂျင်းအသစ်ကို စိုက်ပျိုးပြီး (၁၀)လအကြာတွင် တူးဖော်ရောင်းချကြပါသည်။

          ဂျင်း ဧကတစ်ဝက်ခန့် စိုက်ပျိုးမည်ဆိုပါက အပင်အကွာအဝေးပေါ်မူတည်ပြီး ဂျင်းမျိုး (၄၀)ခြင်း ခန့် စိုက်ပျိုးရကြောင်း၊ တစ်ခြင်းလျှင် (၁၀)ပိဿာခန့်ရှိပြီး ဧကတစ်ဝက်ခန့်စိုက်လျှင် မျိုးပိဿာ (၄၀၀) ခန့် စိုက်ပျိုးရကြောင်းသိရှိရပါသည်။ သွင်းအားစုများအနေဖြင့် နွားချေး၊ ကျွဲချေး အိတ်(၃၀)ခန့်ထည့် ရကြောင်း၊ နွားချေး တစ်အိတ်လျှင် (၁၅၀၀)ကျပ်ပေးရကြောင်း၊ မြေပြုပြင်ခ၊ စိုက်ပျိုးခ၊ ပေါင်းရှင်းခ၊ တူးဖော်ခများအဖြစ်စုစုပေါင်းကျပ် (၅)သိန်းခန့် ကုန်ကျကြောင်း၊ ဂျင်းမျိုးခမှာ ပုံမှန်မရှိပဲ ယခင်နှစ်က တစ်ပိဿာကျပ် (၁)ထောင်ကျော်ရှိကြောင်း၊ ယခုနှစ်တွင်ဂျင်းဈေး တစ်ပိဿာ(၅၀၀)ကျပ်သာရှိသည့် အတွက် ဂျင်းမျိုးဖိုးကုန်ကျမှုနည်းပါးကြောင်း သိရှိရပါသည်။

          အခြားသီးနှံများနှင့် နှိုင်းယှဉ်လျှင် ဂျင်းသည် ပိုးသတ်ဆေး၊ မြေဩဇာများကျွေးရလေ့မရှိကြောင်း လည်းသိရှိရပါသည်။ ဂျင်းများရင့်၍ ပြန်လည်တူးဖော်သည့်အခါ မျိုးတစ်ခြင်းလျှင် ဂျင်းအသစ် (၈)ခြင်း ခန့်တူးဖော်ရရှိသည့်အတွက် ဧကတစ်ဝက်ကို ဂျင်းမျိုး (၄၀၀)ပိဿာခန့်စိုက်လျှင် ဂျင်းသစ် (၃၂၀၀) ပိဿာခန့် ထွက်ရှိပြီး ထွက်ရှိသည့်ဂျင်းများကို ကျိုင်းတုံဈေးကွက်သို့ ရောင်းချကြောင်းသိရှိရပါသည်။

          ယခင်နှစ်က ဂျင်းဈေးကောင်း၍ တစ်ပိဿာ (၁)ထောင်ကျပ်ခန့် ရောင်းချရသည့်အတွက် အကျိုး အမြတ်များသော်လည်း ယခုနှစ်ဂျင်းဈေးကျ၍ တစ်ပိဿာ (၅၀၀)ခန့်သာရှိပြီး ယခင်နှစ် တူးဖော်ပြီးဂျင်း များပင် လက်ကျန်များရှိနေသေးကြောင်းသိရှိရပါသည်။ ကျေးလက်နေ အာခါတောင်သူများအတွက် ဂျင်းဈေး များပြန်လည်ကောင်မွန်လာစေရန် မျှော်လင့်လျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)