ကသာခရိုင်အတွင်း တန်ဖိုးမြှင့်စားသောက်ကုန်နည်းပညာပေး သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

          ၂၀၂၂-ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ကသာမြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကသာခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာပေးသင်တန်းသို့ သွားရောက်၍ သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူးမှ သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသော စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများဖြစ်သည့် website၊ Mobile Application၊ Consumer call center တို့နှင့် ပတ်သက်၍  အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပါသည်။ ထို့အပြင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် ၂၀၂၂-ခုနှစ် ဇွန်လ(၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံတွင် အာဆီယံ ဒေသအတွင်း Online မှ စားသုံးသူတိုင်ကြားမှုစနစ် (ASEAN Regional Complaints Platform)ကို စတင်ဆောင်ရွက်နေကြောင်း၊ အဆိုပါ ပလက်ဖောင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အတွင်းမှ ဝယ်ယူသုံးစွဲမှုကြောင့် ဖြစ်ပွားရသည့် စားသုံးသူနစ်နာတိုင်ကြားမှုများကို တိုင်ကြားနိုင်ပြီး ဘာသာစကား အခက်အခဲအား ဖြေရှင်းနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ Focal Point များ အချင်းချင်း ညှိနှိုင်းကူညီဖြေရှင်းသွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူဝယ်ယူခဲ့သည့် ဆိုင်/ကုမ္ပဏီ တည်ရှိရာနိုင်ငံများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအား သင်တန်းသား/သူ (၂၀)ဦးနှင့် နည်းပြ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ကြပြီး ဒု-ခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)