ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်း

Powered by Drupal

             ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ Perfect Hotel  ၌ ကရင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်းကို ဖွဲ့စည်းခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆိုင်ရာ ပြောင်းလုပ်ငန်းအသင်း၊ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ်အတွင်း အစေ့ထုတ်ပြောင်း စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချနေသူများနှင့် ကုန်သည်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ်သည် တဖက်ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုပြုနေသည့် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်တည်ရှိရာ ပြည်နယ်တစ်ခုဖြစ်သောကြောင့် ကရင် ပြည်နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို တဖက်ထိုင်းနိုင်ငံသို့ တင်ပို့ရုံသာမက အနယ်နယ်အရပ်ရပ်မှ အစေ့ထုတ်ပြောင်းများကိုလည်း မြဝတီနယ်စပ်မှတစ်ဆင့် တင်ပို့လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ တဖက်ထိုင်းနိုင်ငံနှင့် အစေ့ထုတ်ပြောင်းကုန်သွယ်မှုပြုကြရာတွင် အသင်းအဖွဲ့၊ အစုအဖွဲ့ဖြင့်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ မြေပြင်အခြေအနေပေါ်သာမူတည်၍ နှစ်ဦးနှစ်ဖက် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အဆင်ပြေသလိုသာဆောင်ရွက်နေသည်ကိုသာ‌ တွေ့ရပါကြောင်း၊ ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အစေ့ထုတ်ပြောင်းသီးနှံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းကို ဖွဲ့စည်းခြင်းအားဖြင့် အစေ့ထုတ်ပြောင်းနှင့် ပက်သက်သည့် ကုန်သွယ်မှုဆိုင်ရာအခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် ဈေးနှုန်း၊ ဈေးကွက် တည်ငြိမ်ခိုင်မာ၍ အစေ့ထုတ်ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုး လာမည်ဖြစ်ပါကြောင်း၊ အသင်းဖွဲ့စည်းရေးအတွက်ရွေးချယ်ရာတွင် လူမှန်၊ နေရာမှန် ရွေးချယ် ခန့်ထားကြပါရန်နှင့် ရွေးချယ်တင်မြှောက်ခြင်းအား ပွင့်လင်းမြင်သာစွာဖြင့် ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ ရွေးချယ်ခံအသင်းအဖွဲ့တာဝန်ရှိသူများအနေဖြင့်လည်း အသင်းရေရှည်တည်တံ့စေရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။

       ထို့နောက် အသင်းဖွဲ့စည်းမှုကြီးကြပ်ရေးကော်မတီဝင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးသန်းဦးက ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေရန်နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင် ပြည်နယ်အတွင်း အသင်းအဖွဲ့၊ အစုအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ထားနိုင်မှုအခြေအနေ၊ဖွဲ့စည်းထားရှိပြီးသောအသင်းများ သက်ဝင်လှုပ်ရှားမှုနှင့် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကရင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်း ဖွဲ့စည်း ရာတွင် လိုက်နာဆောင်ရွက်ရမည့် သင်းဖွဲ့စည်းမျဉ်းနှင့်ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကိုလည်းကောင်း ရှင်းလင်းခဲ့ပါသည်။

        ဆက်လက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့က ကရင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်းမှုကြီးကြပ်ရေးအဖွဲ့ဝင်များအဖြစ် တာဝန်ယူ၍ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာကိစ္စရပ်များကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် ပြောင်းလုပ်ငန်းအသင်းကို အသင်းအလုပ်အမှုဆောင် (၁၁) ဦး၊ အဖွဲ့ဝင် (၈) ဦး၊ အသင်းဝင် (၁၉) ဦး၊ စုစုပေါင်း (၃၈) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အခမ်းအနားကို (၁၄:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ကရင်)