ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီးအတွင်း ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုပိုမိုတိုးတက်လာစေရေး၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှုများ လျှော့ချ၍ ပြည်တွင်း၌ စားသုံးဆီများတိုးတက်ထုတ်လုပ်နိုင်ခြင်းအားဖြင့် နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချနိုင်ရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးသူ တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရေး ၊ စားသုံးဆီကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြီးခဲ့သည့် နှစ်အတွင်း ဆီထွက်သီးနှံ နေကြာကို ဧက(၈)ထောင်ခန့် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ ပြည်တွင်း ထုတ်လုပ်မှုအနေဖြင့်လည်း ခေတ်စနစ်ဖြင့် ကိုက်ညီသော ထုတ်လုပ်မှု စနစ်များ ဖြစ်ပေါ်လာစေရေး စီစဉ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ စားသုံးဆီဖူလုံမှု ရှိစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုး ထုတ်လုပ်နိုင်ရန် ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း၌ စားသုံးဆီ ပိုမိုထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိရေး၊  ပြည်တွင်း ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး၊   အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဆီထွက် သီးနှံကဏ္ဍ (Supply Chain) ဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် နိုင်ငံခြားငွေ အသုံးပြုမှု လျော့နည်း သက်သာစေရေး စသည့် ရည်မှန်းချက်များ ထားရှိကာ အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ၊ အခြေခံစားနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် မိမိတို့တိုင်းဒေသကြိးအတွင်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲ ၊ နှမ်း ၊ နေကြာများအား တိုးချဲ့စိုက်ပျိုးရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း ၊ မိမိတို့တိုင်းဒေသကြီးအတွင်းထွက်ရှိသည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ဆီစက်များအား စက်စွမ်းအားပြည့်ကြိတ်ခွဲနိုင်ရန်အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်နှင့် အခက်အခဲများအား ပွင့်ပွင့်လင်းလင်းတင်ပြရန် ပြောကြားခဲ့ပါသည်။

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးက ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ၊ တိုင်းဒေသကြီးအတွင်း ထွက်ရှိလာမည့် နေကြာသီးနှံများ ဈေးကွက်ရရှိရေးနှင့် ကြိတ်ခွဲ ထုတ်လုပ်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ ထွက်ရှိလာမည့် ဆီထွက်သီးနှံများမှ ဆီကြိတ်ခွဲထုတ်လုပ်ရာတွင် လိုအပ်လာနိုင်သည့် အဆင့်မြင့် စက်ကိရိယာများ၏ ဈေးကွက်/ ဈေးနှုန်း အခြေအနေများကို လည်းကောင်း ၊ ပဲခူးတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ ခရိုင်/ မြို့နယ်အလိုက် သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချ ပေးနိုင်ခဲ့မှု အခြေအနေ များကို power point ဖြင့်အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွား‌ရေးရာဝန်ကြီးမှ ဖြည့်စွက်ရှင်းလင်းခဲ့ပါသည်။

          ပြီးနောက် ဆီစက်လုပ်ငန်းရှင်များမှ  မိမိတို့ အနေဖြင့် စက်များ အရည်အသွေးပြည့်မီစေရေး ၊ တောင်သူများအား ချေးငွေများ ထုတ်ချေးပေးမှုအပြင် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်စေရေး ၊ စိုက်ပျိုးသူ တောင်သူများ ဆီထွက်သီးနှံအလေအလွင့်လျှော့နည်းစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာများနှင့်  သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများ၌ အခြောက်ခံစက်များ ထားရှိပေးနိုင်ရေးတို့ကို အသီးသီးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ (၁၀)ဦး  ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်လုပ်ငန်းရှင်း (၃၀)ဦး ၊ စုစုပေါင်း (၄၀)ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)