တောင်ငူခရိုင်၊  အုတ်တွင်းမြို့နယ်မှ အောင်မြင်ဖြစ်ထွန်းနေသော ဖီးကြမ်းငှက်ပျောစိုက်ပျိုးရေး

Powered by Drupal

               တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မြေစီးကျေးရွာအုပ်စုမှ တောင်သူဦးလူအေး၏ခြံတွင် ဖီးကြမ်းငှက်ပျောသီးများကို အပျော်တမ်းစိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ယခုအခါ ၄ ဧက အထိ စိုက်ပျိုးပြီးဖြစ်ပါသည်။ ကြားညှပ်အနေဖြင့် အုန်းစိမ်းနှင့် အုန်းညိုပန်းများကို စိုက်ပျိုး ထားပါသည်။

              ငှက်ပျောပင်များကို မိုးဦးကျခါနီး ဧပြီ၊ မေလများတွင် စတင်စိုက်ပျိုးရပါသည်။ ပျိုးပင် များကို တောင်ငူမြို့နယ် လေးမိုင်ကျေးရွာမှ တစ်ပင်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရပါသည်။ ငှက်ပျောစိုက်ရာတွင် သင့်လျော်သော မြေနေရာကို ရွေးချယ်ပြီး တစ်တောင်ဝန်းကျင် မြေကျင်းတူး ရပါသည်။ ပျိုးပင်ငယ်၏ အမြစ်လုံးကို ပြောင်စင်အောင် ဖြတ်ထုတ်ပြီး တူးထားသည့် မြေကျင်းထဲသို့ စိုက်ထည့်ကာ မြေဩဇာဓာတ်ပါသော သစ်ရွက်မြေဆွေးတို့ကို မြေပြင်နှင့်အညီ ဖြည့်ပေးရပါသည်။ ၎င်းမြေ၏ အပေါ်သို့ မြေတစ်ထွာခန့် ထပ်ဖို့ကာ ရေလောင်းပေးရပါသည်။ တစ်ကျင်းလျှင် ငှက်ပျော တစ်ပင်နှုန်းသာ စိုက်ပျိုးရပါသည်။ တစ်ပင်နှင့်တစ်ပင်ကို ၇ ပေမှ ၉ ပေခန့်အထိ ခြားပြီး စိုက်ပျိုးရပါသည်။ ပျိုးပင်စိုက်ပျိုး ပြီးပြီးချင်းတွင် အပင်ခြေပတ်လည်ကို ဝိုက်၍ မြေဩဇာကျွေးရပါသည်။ အပင်ပျိုများ ပိုးဝင်ခဲ့လျှင် မြေအောင်းပိုးသတ်ဆေးဖြစ်သော ကာလိုဖြူရမ်ကို သုံးစွဲပေးရပါသည်။

              စိုက်ပျိုးချိန် ၆ လကြာလျှင် အဖူးထွက်ပါသည်။ ငှက်ပျောပင်တစ်ခိုင် ရင်းမှည့်ချိန်သည် ၃ လ မှ ၄ လအထိ ကြာပါသည်။ ရင့်မှည့်လာသော အခိုင်များကို ခုတ်ယူ၍ တစ်ဖီးလျှင် ပျှမ်းမျှ ၄၀၀ ကျပ်နှုန်းဖြင့် ဒေသတွင်းငှက်ပျော ကုန်သည်များက လာရောက်ဝယ်ယူကြကြောင်း တောင်သူ ဦးလူအေး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)