မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသလို ပဲကိုလည်း ဒုတိယ ဦးစားပေး၍ စိုက်ပျိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်နေထိုင်ကြသော လူဦးရေအများအပြားတွင် ၇၀% မှာ စိုက်ပျိုးသူ တောင်သူများ ဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအနေဖြင့် စပါးစိုက်ပျိုးရိတ်သိမ်းပြီးလျှင် ပုံမှန်အားဖြင့် ပဲသီးနှံနှင့် အခြားသီးနှံများ ဆက်လက် စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် တစ်နှစ်ကို စပါးပြီးပဲ နှစ်သီးစိုက်ပျိုးခြင်းမှ စပါးပြီးပဲ၊ ပဲပြီးပဲဟူ၍ သုံးသီးပြောင်းလဲ စိုက်ပျိုးနေကြောင်းသိရှိရပါသည်။
ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ ငါးရွာကျေးရွာအုပ်စုတွင် တစ်နှစ်ကို သုံးသီးစိုက်ပျိုးသော စိုက်ကွင်းသို့ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေနှင့် အဖွဲ့သည် ဇွန်လအတွင်း ကွင်းဆင်း၍လေ့လာခဲ့ရာ လတ်တလောအနေဖြင့် စပါး၊ မတ်ပဲနှင့် ပဲတီစိမ်း(ရွှေဝါ) သီးနှံများကို စမ်းသပ်စိုက်ပျိုးလျှက်ရှိကြောင်း သိရပါသည်။ တစ်နှစ်ကို (၃)သီးရရှိနိုင်ရန် ပထမသီးနှံအဖြစ် ဇူလိုင်လဆန်းမှ အောက်တိုဘာလ ကုန်အထိ ရက်(၁၂၀) သက်တမ်းရှိ စပါးမျိုးကိုလည်းကောင်း၊ ဒုတိယသီးနှံအဖြစ် မတ်ပဲကို နိုဝင်ဘာလဆန်းမှ ဇန်နဝါရီလကုန်အထိလည်းကောင်း၊ တတိယ သီးနှံအဖြစ် မိုးကြိုပဲတီစိမ်းကို မတ်လဒုတိယပတ်မှ ဇွန်လဒုတိယပတ်အထိလည်းကောင်း စမ်းသပ်စိုက်ပျိုးလျှက်ရှိရာ အောင်မြင်မှုရရှိကြောင်း သိရပါသည်။
ပထမသီးနှံဖြစ်သောစပါးကို စိုက်ပျိုးရာတွင် ဇွန်လအတွင်း ပျိုးဗမ်းဖြင့်ပျိုးထောင်၍ ဇူလိုင်လဆန်းတွင် စတင်စိုက်ပျိုးပါသည်။ စိုက်ပျိုးသည့်စပါးမျိုးမှာ ချမ်းမြေ့မေစပါးမျိုးဖြစ်ပြီး မျိုး(CS) အဖြစ် စိုက်ပျိုးထုတ်လုပ်ကြောင်း သိရပါသည်။ ချမ်းမြေ့မေစပါးမှာ တစ်ဧကလျှင် တင်း(၁၀၀) နီးပါးခန့်ထွက်ရှိ၍ မျိုးပေးထားသည့် ကုမ္ပဏီမှလည်း ထွက်ရှိလာသည့်စပါးများကို တစ်တင်းလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် ပြန်လည်ဝယ်ယူပါသည်။ ချမ်းမြေ့မေစပါးစိုက်ပျိုးသောတောင်သူများအနေဖြင့် တစ်တင်းလျှင် (၁၈၀၀၀)ကျပ်ဖြင့် ပြန်လည်ရောင်းချရသဖြင့် တစ်ဧကဝင်ငွေအနေဖြင့်(၁၈)သိန်းခန့် ရရှိပါသည်။ တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၇)သိန်းကျပ်ခန့်ကုန်ကျပြီး၊ အသား တင်အကျိုးအမြတ်အနေဖြင့် (၁၁)သိန်းကျပ်ခန့်ရရှိကြောင်း သိရပါသည်။
ဒုတိယသီးနှံအဖြစ် မတ်ပဲကိုစိုက်ပျိုးရာတွင် စိုက်ပျိုးသောမျိုးမှာ ရေဆင်းမျိုးကိုသာ စိုက်ပျိုးပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် (၁၆)တင်းခန့် ထွက်ရှိပါသည်။ ယခုနှစ်တွင် မတ်ပဲဈေးများ ကောင်းမွန်သဖြင့် တစ်တင်းလျှင် (၄၇၀၀၀)ကျပ်ခန့်ရရှိ၍ တစ်ဧကလျှင် (၇)သိန်းခွဲခန့် ဝင်ငွေရရှိပါသည်။ မတ်ပဲစိုက်ပျိုးရာတွင် တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ပျမ်းမျှ(၂)သိန်းကျပ်ခန့် ကုန်ကျ သည့်အတွက် အသားတင်အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၅)သိန်းခွဲ့ခန့် ရရှိကြောင်း လေ့လာ သိရှိရပါသည်။
တတိယသီးနှံအဖြစ် ပဲတီစိမ်းကို ဒေသမျိုးသာ စိုက်ပျိုးပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ (၁၂)တင်းခန့်ထွက်ရှိပါသည်။ ပဲတီစိမ်း တစ်တင်းလျှင် (၄၀၀၀၀)ကျပ် နှုန်းရောင်းချရသဖြင့် တစ်ဧက ဝင်ငွေမှာ (၄)သိန်း(၈)သောင်းကျပ်ခန့် ရရှိပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ် အနေဖြင့် (၂)သိန်း ကျပ်ကုန်ကျသဖြင့် အကျိုးအမြတ်အနေဖြင့် (၂)သိန်းကျော်ခန့်ရရှိကြောင်းသိရပါသည်။ တစ်နှစ် သုံးသီး စိုက်ပျိုးသူ တောင်သူများအနေဖြင့် တစ်နှစ်ပျမ်းမျှ ဝင်ငွေမှာ (၁၈)သိန်း (၅)သောင်း ကျော် ရရှိနိုင်မည်ဟု ခန့်မှန်းသိရှိရပါသည်။
စိုက်ပျိုးသီးနှံများ၏ လိုအပ်သောသွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ကို အပြည့်အဝသုံးစွဲပြီး အဓိကလိုအပ်ချက်ဖြစ်သည့် ရေကို ဒေသသဘာဝအရ ရေလျှံတွင်းများမှ ရရှိပြီး ရေသွင်းရေထုတ်လိုအပ်သလို စီမံဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
တစ်နှစ်သုံးသီးစိုက်ပျိုးနေခြင်းအား ကွင်းဆင်းလေ့လာရာတွင် တွေ့ရှိချက်များမှာ ပုံမှန်စပါးနှင့် မတ်ပဲ(၂)သီးသာစိုက်ပျိုးခြင်းထက် (၃)သီးစိုက်ပျိုးပါက တစ်ဧကအကျိုးအမြတ်ရရှိကြောင်း၊ မျိုးကောင်း မျိုးသန့်များ အသုံးပြုလျှက်ရှိပြီး သွင်းအားစုများ စနစ်တကျထည့်သွင်း အသုံးပြုကြောင်း၊ သွင်းအား စုထည့်သွင်း အသုံးပြုရာတွင် ပထမသီးနှံဖြစ်သည့် စပါးတွင် အသုံးပြုထားသော သွင်းအားစုများမှာ လယ်မြေအတွင်း အာဟာရဓါတ်များကျန်ရှိနေမှုကြောင့် ဒုတိယစိုက်ပျိုးမည့် မတ်ပဲသီးနှံများအတွက် အကျိုးရရှိပြီး၊ တတိယစိုက်ပျိုးမည့် ပဲတီစိမ်းသီးနှံအတွက် အနည်းငယ်သာအသုံးပြုရ၍ သီးနှံ တစ်ခုခြင်းအလိုက် သွင်းအားစုများထည့်သွင်းသုံးစွဲရမှုထက် ပိုမိုသက်သာမှုရှိကြောင်း သိရပါသည်။
စပါးနှင့် ပဲများစိုက်ပျိုးရာတွင် ရေလိုအပ်ချက်အတွက် ယခုလယ်မြေတွင် သဘာဝ ရေလျှံတွင်း များရှိ၍ အဆင်ပြေသော်လည်း အချို့တောင်သူများအနေဖြင့် သုံးသီးစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးသည့် လယ်မြေအနီးတွင် သဘာဝမြစ်ချောင်းနှင့် ဆည်မြောင်းလက်တံများလိုအပ်သလို၊ မြစ်ချောင်းနှင့် ဆည်မြောင်းလက်တံများမရှိသော စိုက်ပျိုးမြေအနီးတွင် ကိုယ်ပိုင် အဝီစိတွင်းများရှိရန်လိုအပ်ကြောင်း၊ သီးနှံများအားလုံးသည် သဘာဝရာသီဥတုကိုမှီခို၍ စိုက်ပျိုးရခြင်းဖြစ်သဖြင့် မိုးခေါင်ခြင်း၊ မိုးများ၍ ရေကြီးခြင်း၊ ရေလျှံခြင်းများနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ဆုံးရှုံးမှုရှိနိုင်သဖြင့် သုံးသီး စိုက်ပျိုးရန်အတွက် စိုက်ပျိုးမြေနေရာသည် ရေတော်၊ မိုးတော်ဖြစ်၍ ရေလိုအပ်ခြင်း၊ သဘာဝ အရင်း အမြစ်ဖြစ်သော မြစ်ချောင်းများ (သို့မဟုတ်) ဆည်မြောင်းလက်တံများရှိသည့် နေရာဖြစ်ရန် လိုအပ် ကြောင်း တွေ့ရှိရပါသည်။
တစ်နှစ် သုံးသီး စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာစိုက်ပျိုးရေးဌာနမှ နည်းပညာနှင့် စိုက်နည်းစနစ်များအား ပညာပေးခြင်းနှင့် သရုပ်ပြလယ်ကွက်များဖြင့် တောင်သူများသို့ လက်တွေ့ပြသ၍ စိုက်ပျိုးလာစေရန်စည်းရုံးဆောင်ရွက်ခြင်း၊ ဆည်မြောင်းလက်တံဘေးလယ်ယာများနှင့် သဘာဝအရင်း အမြစ်ရှိသည့် လယ်ယာများတွင် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးသည့် အလေ့အထကို ဆောင်ရွက်စေခြင်း၊ စိုက်ပျိုးမည့်သီးနှံ မှန်ကန်စွာ ရွေးခြယ်၍ အရည်အသွေးကောင်း အထွက်နှုန်းကောင်းသီးနှံဖြစ်ပြီး ရာသီဥတုကိုပါ ချိန်ညှိနိုင်ဘို့လိုအပ်ပါသည်။ ကျွမ်းကျင်လုပ်သားများ လုံလောက်စွာရှိ၍ ထွက်ကုန် သီးနှံများအား အချိန်အခါမှီ ထွက်ပေါ်နိုင်ရန် ပြုပြင်ထိန်းသိမ်းပြီး ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းအတွက်ပါ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပါသည်။ သုံးသီးစိုက်ပျိုးသူတောင်သူများကို နိုင်ငံတော်မှလည်း လိုအပ် သည်များပံ့ပိုးဆောင်ရွက်ပေးခြင်း၊ ထွက်ရှိမည့် သီးနှံများအတွက် ဈေးကွက်ရရှိရေးနှင့် ဈေးကောင်း သည့်သီးနှံများကို ရွေးချယ်၍စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုပါသည်။
စိုက်ပျိုးသူတောင်သူများအနေဖြင့် တစ်နှစ်လျှင် ပုံမှန်နှစ်သီးစိုက်ပျိုးခြင်းမှာ အကျိုးအမြတ် နည်းပြီး သုံးသီးစိုက်ပျိုးခြင်းမှာ အကျိုးအမြတ်များစွာရရှိသည့်အတွက် တောင်သူများအတွက် တွက်ခြေ လည်းကိုက်သလို နိုင်ငံတော်အနေဖြင့်လည်း ပိုလျှံသီးနှံများကို နိုင်ငံခြားသို့တင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံခြား ဝင်ငွေများပိုမိုရရှိလာမည်ဖြစ်ပါသည်။ ပြည်တွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ပိုမို တိုးတက်လာပြီး ကုန်သွယ်မှုလုပ်ငန်းများလည်း တိုးတက်လာ၍ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများလည်း ရရှိလာမည်ဖြစ်သဖြင့် တောင်သူများအနေဖြင့် တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးသို့ ပြောင်းလဲစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
DOCA(ပဲခူး)