နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီကိုသက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
“ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ကျွန်တော်တို့ အသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာရှိတဲ့ စားသုံးသူပြည်သူတွေကို လက်ဝယ်အရောက် စားသုံးဆီတစ်ပိဿာကို ငွေကျပ် ၃၉၀၀နှုန်းနဲ့ရောင်းချပေးတာဖြစ်ပြီး၊ ယနေ့မှာတော့ ဇမ္ဗူသီရိမြို့နယ်၊ တောင်ညိုကျေးရွာ၌ ဈေးကားတစ်စီးဖြင့် ဆီပိဿာချိန် (၆၆၀)ရောင်းချပေးတာဖြစ်ပြီး၊ ဆီလုပ်ငန်းရှင် ဦးသူရဇော်ဇော်မှ တပ်ကုန်းမြို့၊ နောင်သင်ခါကျေးရွာတွင်ဈေးကားတစ်စီးဖြင့် ဗူးအပါစားသုံးဆီတစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့် ဆီပိဿာချိန်(၅၅၀) ရောင်းချပေးခဲ့သည်”ဟု နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းအဖွဲ့ဝင်များမှသိရှိရပါသည်။
“ ရပ်ကွက်၊ ကျေးရွာဆိုင်တွေမှာ စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် (၈၅၀၀)နှင့် ကျပ်(၉၀၀၀) အကြား ဝယ်ယူနေရချိန်မှာ ယခုလိုရွာထဲသို့ တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်း ဖြင့် လာရောက်ရောင်းချသည့်အတွက် ဝမ်းသာကြောင်း၊ ယခုလိုအစီအစဉ်ဖြင့်လည်း မကြာခဏ ရောင်းချ ပေးမည်ဆိုပါက စားသုံးသူပြည်သူများအတွက် အလွန်အဆင်ပြေမည်ဖြစ်ကြောင်း၊ အသင်းဥက္ကဌနှင့် ရောင်းချပေးသည့် အဖွဲ့ဝင်ကိုလည်းကောင်း၊ ကူညီဆောင်ရွက်ပေးသည့် စားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ယခုလိုရောင်းချခြင်းသည် အခြေခံ လူတန်းစားများအတွက် အမှန်တကယ်အဆင်ပြေအကျိုးရှိပါတယ်” ဟု တောင်ညိုကျေးရွာ မှ စားသုံးဆီလာရောက်ဝယ်ယူသူ ဒေါ်ညွှန့်မေက ပြောပါသည်။
နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ယခင်က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဈေးများတွင်သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို အလှည့်ကျရောင်းချပေးခဲ့သော်လည်း အမှန်တကယ်စားသုံးသူပြည်သူများထံ တိုက်ရိုက်မရောက်ရှိ သည့်အတွက် ယခုကဲ့သို့ ရပ်ကွက်၊ ကျေးရွာများထံဈေးကားများဖြင့် လက်ဝယ်အရောက်လာရောက် ရောင်းချပေးရခြင်းဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများအတွက် အသင်းအစီအစဉ်ဖြင့် ကျန်ရှိသည့် ဝန်ထမ်းအိမ်ရာများနှင့် ကျေးရွာများကိုလည်း သက်သာသောဈေးနှုန်းဖြင့် ထပ်မံလှည့်လည်ရောင်းချ ရန်အစီအစဉ်များရှိကြောင်း သိရှိရပါသည်။
DOCA(နေပြည်တော်)