စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာ မိုးစပါးများ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေ

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊မင်းဘူးခရိုင်၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးဆန်းလင်းမောင်(ဦးစီးမှူး) နှင့်အဖွဲ့သည်  စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာသို့ (၂၆.၇.၂၀၂၂)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးစပါးစိုက်တောင်သူနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ဆင်ကျုံးကျေးရွာသည် စလင်းမြို့၏ အနောက်ဘက်တွင် ကပ်လျက်ရှိပြီး နှစ်စဉ် စပါး၊ ကုလားပဲ၊ နှမ်းသီးနှံများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆင်ကျုံးကျေးရွာတောင်သူများအနေဖြင့် မိုးစပါးဧက (၄၆၀)ခန့် စိုက်ပျိုးမည်ဖြစ်ပြီး မနောသုခ၊ ဆင်းရတနာတိုး၊ ဧရာပဒေသာ စသည့် စပါးအမျိုးအစား (၃)မျိုး အနက် တောင်သူများအနေဖြင့် ဈေးကွက်ဝင်၍ ဈေးနှုန်းရရှိသော ဧရာပဒေသာစပါးကိုသာ အဓိကစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          စိုက်ပျိုးရာတွင် မိုးစပါးကိုနှစ်စဉ် ဇူလိုင်လတွင် ပျိုးထောင်၍ ဩဂုတ်လတွင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် အပြီးရိတ်သိမ်းကြပါသည်။ စိုက်ပျိုးမှုမှာ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် တိုက်ရိုက် အစေ့ချစိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိပြီး တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းသည် အထွက်နှုန်းမြင့်မားမှု မရှိသော်လည်း ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရှိရပါသည်။ မိုးစပါး စိုက်ပျိုးရာတွင် မြေပြုပြင် ချိန်မှစ၍ စိုက်ပျိုးပြီးသည်အထိ (၁၇၀၀၀ဝိ/-) ကုန်ကျကြောင်း ယခင်နှစ် က မျိုး(၂)တင်း၊ ကွန်ပေါင်းမြေဩဇာထည့်သွင်းခြင်း ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အားဆေး စသည့် သွင်းအားစု များအနေဖြင့် (၁၈၀၀၀ဝိ/-) ခန့်နှင့် ရိတ်သိမ်းစရိတ် (၅၀၀၀ဝိ/-) ခန့် စုစုပေါင်း (၁)ဧကကုန်ကျစရိတ် (၄၀၀၀၀ဝိ/-) ခန့် ကုန်ကျကြောင်း (၁)ဧကလျှင် ဧရာပဒေသာ (၈၀)တင်း ထွက်ရှိကာ (၁)တင်းလျှင် (၁၀၀၀ဝိ/-) ရောင်းချရ၍ ဝင်ငွေ (၈၀၀၀၀ဝိ/-) ရရှိကာ အကျိုးအမြတ် အနေဖြင့် (၄၀၀၀၀ဝိ/-)ခန့် ရရှိခဲ့ကြောင်း သိရှိရပါသည်။ ဆင်ကျုံးဒေသသည် လင်းဇင်းရေလွှဲ ဆည်မှ ရေကိုအသုံးပြုပြီး ယခုနှစ်တွင် ရေရရှိမှု အကြိမ်ရေလျော့နည်းသည့်အပြင် ပိုးသတ်ဆေး၊ မြေဩဇာ၊ အားဆေးအမျိုးမျိုးနှင့် ဓာတ်ဆီ၊ ဒီဇယ် သွင်းအားစုများ ဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ယခင်နှစ်ကထက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျ စရိတ်များလာနိုင်ကြောင်း တောင်သူ၏ပြောကြား ချက်အရ သိရှိရပါသည်။

         စပါး(၁)ဧက စိုက်ပျိုးရာတွင် အထွက်နှုန်းမှာ မြေကွာခြားမှု၊ သွင်းအားစုထည့်သွင်းမှု မတူညီခြင်း၊  ရေသွင်းအကြိမ်ရေ ကွာခြားမှုတို့ကြောင့် (၁)ဧက  ထုတ်လုပ်မှုစရိတ် မတူညီသလို အထွက်နှုန်းလည်း မတူညီနိုင်ကြောင်း ယခင်နှစ်က သီးနှံပေါ်ချိန်တွင် စပါးတင်း(၁၀၀)လျှင် (၁၀၀၀၀၀ဝိ/-) ခန့်ဈေးရရှိပြီး  စပါးတင်း(၁၀၀) ကြိတ်ခွဲလျှင် ဆန်အိတ် ရှယ်ထိပ်စ (၂၅)  လုံးထွက်ကြောင်း (၁)အိတ်လျှင် (၄၂၀၀ဝိ/-) ရောင်းချရ၍ ဆန်ကုန်သည်များအနေဖြင့်လည်း စပါးတင်း (၁၀၀)လျှင် (၅၀၀၀ဝိ/-) ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း ဆန်စက်ပိုင်ရှင် ဦးဝင်းထိုက်၏ ပြောကြားချက်အရ သိရှိရပါသည်။

        စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာသည် လူဦးရေနည်းပါးပြီး စပါးစိုက်ဧကများသောကြောင့် စားသုံးပြီး ပိုလျှံသောစပါးကို ဒေသတွင်းစပါးကုန်သည်များနှင့် ဆန်စက်များသို့ရောင်းချကြောင်းနှင့် ထွက်ရှိသည့်ဆန်ကို ကုန်ချောအဖြစ် ဆန်ကြာဆံ၊ မုန့်ဟင်းခါးမုန့်ဖတ် စသည်ဖြင့် စားသောက် ကုန်လုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ဆင်ကျုံးကျေးရွာရှိ မိုးစပါး စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)