
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များ ပြည်သူနှင့် လုပ်ငန်းရှင်များ သိရှိနားလည်စေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကာ ၂၃-၆-၂၀၂၅ ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် တာပါတ်အရှေ့ ကျေးရွာ ဓမ္မာရုံတွင် ကျေးရွာရှိ ကုန်မျိုးစုံလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အဓိပ္ပါယ်နှင့်ဖော်ပြချက်များ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာ လုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူ ကိုဆိုလိုခြင်းဖြစ်ကြောင်းကိုရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၀)ပါ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်(၁၁)ချက်၊ အခန်း(၂၃)ပါ တားမြစ်ချက်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့်အချက်အလက်များအကြောင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းတို့ကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ကုန်မျိုးစုံလုပ်ငန်းရှင်(၉)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)