"စဉ်ဆက်မပြတ်စားသုံးမှုနှင့် ကောင်းမွန်သော လူမှုပတ်ဝန်းကျင်တည်ဆောက်ရေး"

Powered by Drupal

          ယနေ့ခေတ်ကမ္ဘာပေါ်တွင် ခေတ်မှီတိုးတက်လာသည်နှင့်အမျှ နည်းပညာများ တိုးတက် ထွန်းကားလာသဖြင့် ကောင်းကျိုးများစွားရှိသကဲ့သို့ ဘေးထွက်ဆိုးကျိုးများအနေဖြင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းနှင့် ဇီဝမျိုးကွဲများ ဆုံးရှုံးခြင်း တို့ကို ကြုံတွေ့နေရပါသည်။ ကမ္ဘာ့မြေထု၊ ရေထုမှ သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲမှု များပြားလာပြီး စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသည့်ဓာတ်ငွေ့များအပါအဝင် စွန့်ပစ်ပစ္စည်းများ ကဏ္ဍမှာ စွန့်ပစ်ရန်အခက်အခဲများရှိလာသည်အထိ ကမ္ဘာမြေထု၊ ရေထုကို ညစ်နွမ်းမှုများဖြစ်အောင် သက်ရောက်မှုများရှိလာစေပါသည်။ လူနှင့်သတ္တဝါများအားလုံး သဘာဝဘေးဒဏ်များနှင့် ရင်ဆိုင် ကြုံတွေ့လာရမှုများရှိလာပါသည်။ ၎င်းကိစ္စရပ်များသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုပြဿနာများ ဖြစ်သည့်ပေါ်လာသည့်အတွက် နိုင်ငံအသီးသီးတွင် ရာသီဥတုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများ ဆောင်ရွက်မှုများပြုလုပ်လာကြသည်။

      လေထုညစ်ညမ်းစေသည့်စက်ရုံများမှ ထွက်ရှိသည့်အခိုးငွေ့များ ပြန်လည်သုံးစွဲမှုမပြုနိုင်သော ပစ္စည်းများကို ထုတ်လုပ်သည့်ကုမ္ပဏီများအား ကန့်ကွက်ခြင်း၊ ပလတ်စတစ်အိတ်များ သုံးစွဲမှု လျှော့ချစေခြင်း၊ အစိုးရမှမူဝါဒများချမှတ်ထိန်းကျောင်းပေးခြင်းတို့ကို လိုလားတောင်းဆိုလာ ကြပါသည်။ ထိုသို့တောင်းဆိုသော အသံများသည် တစ်နေရာမှတစ်နေရာသို့ အတူတကွပူးပေါင်း ဆောင်ရွက်ခြင်းများက  အစွမ်းထက်ကာ ပိုမိုထိရောက်စေနိုင်သည့် အပြောင်းအလဲကို ဖြစ်ပေါ် စေရန်ရည်ရွယ်၍ မတ်လ ၁၅ ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ် “ The Sustainable Consumer” ဟု  Consumer International အပြည်ပြည်ဆိုင်ရာ စားသုံးသူအဖွဲ့အစည်းက သတ်မှတ်ထုတ်ပြန်ခဲ့ပြီး နိုင်ငံအသီးသီးက စားသုံးသူအဖွဲ့အစည်းများ အတူတကွပူးပေါင်းလှုပ်ရှားမှုများ ဆောင်ရွက်သွားကြမည်ဖြစ်သည်။

      တစ်ကမ္ဘာလုံးဆိုင်ရာ ပလပ်စတစ်များထုတ်လုပ်အသုံးပြုခဲ့ကြပြီး ထုတ်လုပ်သုံးစွဲသည့် ပလတ်စတစ်အားလုံး၏ ၉ရာခိုင်နှုန်းကိုသာ ပြန်လည်အသုံးပြုနိုင်ပြီး ကျန်၁၂ရာခိုင်နှုန်းသည် မီးရှို့ဖျက်ဆီးခြင်းကြောင့်နှင့် ၇၉ရာခိုင်နှုန်းသည် မပျက်စီးနှိုင်ဘဲ အမှိုက်ပုံများ အဖြစ်ရှိနေခြင်း၊ သမုဒ္ဒရာအတွင်းမျောနေခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်၊ ပင်လယ်ရေညစ်ညမ်းမှုနှင့်  ကုန်းနေ ရေနေသတ္တဝါများ ထိခိုက်နစ်နာစေလျှက်ရှိပါသည်။

       ကမ္ဘာတစ်ဝန်းတွင် ထုတ်လုပ်သော အစားအစာအားလုံး၏ ၃၀မှ၄၀ ရာခိုင်နှုန်းသည် ဆုံးရှုံးခြင်း/ ဖြုန်းတီးခြင်းဖြစ်နေကာ ပတ်ဝန်းကျင်အပေါ်မလိုလားအပ်သော ထိခိုက်မှုဖြစ်စေ လျှက်ရှိသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းပြုရာတွင် ရေရှည် တည်တံ့သော စားသုံးမှုနည်းလမ်းသို့ ကူးပြောင်းရန်လိုအပ်လာသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာရေ ရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်ပန်းတိုင် ၁၇ ခုချမှတ်ထားရာတွင် ဆင်းရဲငတ်မွတ်မှု ပပျောက်ရေး၊ ရေရှည်တည်တံ့သည့် မြို့တော်များနှင့် လူမှုပတ်ဝန်းကျင် ဖန်တီး ပေးရေး၊ ကုန်းနေ၊ ရေနေသတ္တဝါများ  ဂေဟစနစ်ညီမျှစေရေး၊ ရာသီဥတုမျှတစေရန် ဆောင်ရွက်ပေး ရေးတို့ပါဝင်သလို Goal 12: Responsible Consumption and Production ဟု စားသုံးမှုနှင့် ထုတ်လုပ်မှုကို ပမာဏမျှတစွာချင့်ချိန်၍ ကုန်နိုင်သည့် ပမာဏခန့်သာသုံးစွဲရေး၊ ထုတ်လုပ်ပေး နိုင်ရေးအတွက် စဉ်းစား ထည့်သွင်းထားသည်ကိုတွေ့ရသည်။

     ကမ္ဘာအရပ်ရပ်ရှိ လူ၊ သတ္တဝါနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ ထိန်းညှိပေးခြင်း ကိစ္စရပ်များကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးမှသာ ကျွန်ုပ်တို့စားသုံးသူများအတွက် ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)