ကျောက်ဆည်ခရိုင်အတွင်းတွင် မိုးစပါးများကို ဇွန်လမှစတင်၍ စိုက်ပျိုးလျှက်ရှိရာ ယခု ဇူလိုင်လဆန်းတွင် ကျောက်ဆည်မြို့နယ်၌(၃၆၈)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာန၏စာရင်းများအရ သိရှိရပါသည်။ မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ပျိုးထောင် စနစ်၊ ပတ်ကြဲစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် ဧရာပဒေသာမျိုးများကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုမှာ ကောက်စိုက်စနစ်၊ စက်စိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အများဆုံး စိုက်ပျိုးသောရွာ များမှာ ငါးမြွေကုန်းရွာ၊ လေးဆယ်ကုန်း၊ ဆူးလေကုန်းရွာနှင့် အင်တိုင်းရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၈၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၈၀-၈၅) တင်းခန့်ထွက်ရှိကြောင်း ၊ စပါးစျေးနှုန်းအနေဖြင့် ဧရာပဒေသာ (ဟောင်း) တင်း (၁၀၀)လျှင် (၂၈၀၀၀၀၀/-)ကျပ်၊ မနောသုခတင်း(ဟောင်း) (၁၀၀) လျှင် (၂၁၀၀၀၀၀/-)ကျပ်ဖြစ်ပြီး ဆန်စျေး နှုန်းအနေဖြင့် ဧရာပဒေသာဆန်(ဟောင်း) တစ်အိတ်လျှင် (၁၂၀၀၀၀/-)၊ မနောသုခ(ဟောင်း) ဆန်တစ်အိတ်လျှင်(၇၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် ခဲ့ပြီး စိုက်ပျိုးစရိတ်နှုတ်ပြီးပါက (၁၄၀၀၀၀၀/-) ကျပ်ခန့်မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိ နွေစပါးအသစ် မနောသုခတင်း(၁၀၀)လျှင် (၁၇၀၀၀၀၀/-)ကျပ် မနောသုခ(သစ်) ဆန်တစ်အိတ်လျှင်(၆၀၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိ ကြောင်း ၊ စျေးကွက် အနေဖြင့် မိုးစပါးထွက်ပေါ်ချိန်တွင် တောင်သူများ ထံသို့ ပွဲစားများမှ တိုက်ရိုက် လာရောက်ဝယ်ယူကြကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များမှလည်း ကြိတ်ခွဲ ရောင်းချရန်အတွက် လာရောက်ဝယ်ယူကြကြောင်း၊ စပါးအထွက်နှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါ သည်။
DOCA(မန္တလေး)