
ပန်းထိမ်ငိုပန်းများကို ယခင်ကပြင်ဦးလွင်၊ ရွာငံဒေသစသည့် တောင်ပေါ်ဒေသ များတွင် အများဆုံး စိုက်ပျိုးကြသော်လည်း ယခုအခါတွင် ကျောက်ဆည်မြို့နယ်၌ တစ်နိုင် တစ်ပိုင်စမ်းသပ် စိုက်ပျိုးလာကြပါသည်။ ပန်းထိမ်ငိုပန်းများကို စိုက်ဘောင်စနစ်ဖြင့် နွားချေး၊ မြေဩဇာ များထည့်ပြီး ရေမှန်မှန် သွင်းပေးခြင်းဖြင့် စတင်စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုး ရာတွင် အပင်ကို ကိုင်းထိုး စိုက်ပျိုးခြင်း နှင့် အမြစ်ရှိမျိုးဥများမှ စိုက်ပျိုးခြင်း နှစ်မျိုးဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးရာတွင် (၃)ပေ အကျယ် ဘောင်ရှည်တွင် ပင်ကြား၊ တန်းကြား (၁၀)လက်မအကွာစိုက်ပျိုးနိုင်ကြောင်း၊ မျိုးဥ တစ်ပိဿာတွင် အညှောင့်ထွက်ပြီးအပင် (၁၀၀)ကျော်ရရှိပြီး စိုက်ဘောင် တစ်ဘောင်လျှင် အပင်(၅၃၀) ခန့်စိုက်ပျိုးနိုင်ကြောင်း၊ ပန်းမျိုးဥများကိုပြင်ဦးလွင်မြို့မှ ဝယ်ယူရရှိပြီး မျိုးဥတစ်ပိဿာလျှင် (၃၀၀၀၀)ကျပ် နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် ဖေဖေါ်ဝါရီလမှ ဧပြီလအထိ စတင်စိုက်ပျိုး ကြကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၄၅-၅၀) အကြာတွင် ပန်းများကို စတင်ခူးဆွတ် ရကြောင်း၊ ယခုအချိန်တွင် ကျောက်ဆည်ဒေသ၌ ၎င်းပန်းထိမ်ငိုပန်းများ စတင်ထွက်ရှိ နေပြီဖြစ်ကြောင်း၊ ပန်းခက်များအား စတင်ပွင့်သည်မှစ (၁၂) ပတ်အထိ ဖြတ်ခူးနိုင်ပြီး (၁၀)ခက်ပါ တစ်စည်းလျှင် (၂၅၀၀) ကျပ်နှုန်းရရှိကြောင်း၊ ပန်းပွင့်၏ အရောင်များမှာလည်း အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်ဟူ၍ ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဈေးများအတွင်း ပန်းဆိုင်များနှင့် ကျေးရွာများအတွင်း လှည့်လည်ရောင်းချသည့် ပန်းသည် များမှလာရောက် ဝယ်ယူကြကြောင်း၊ တစ်ကြိမ် ရင်းနှီးစိုက်ပျိုးရပြီး နောက်(၂)နှစ်တွင် ထပ်မံစိုက်ပျိုး၍ ရသဖြင့် စိုက်စရိတ် သက်သာစွာဖြင့် စိုက်ဘောင်များကို ဆက်လက်ထားရှိ စိုက်ပျိုးနိုင်သဖြင့် တွက်ချေကိုက်စိုက်ပျိုးသင့်သော ပန်းမျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)