
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခု ဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ဈေးကွက် ဝယ်လိုအားရှိသော ငရုတ်သီးနှံကိုလည်းစီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၂၉)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၀၃၄)ဧက၊ မြစ်သားမြို့နယ်တွင်(၂၆၀၁)ဧက စုစုပေါင်း(၃၉၆၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ သာမို၊ ဒီမွန်နှင့် (၆၉၂)မျိုးများဖြစ်ပြီး အထွက်နှုန်းကောင်းသော (၆၉၂)မျိုးများကို ပိုမိုစိုက်ပျိုး ကြကြောင်း၊ ငရုတ်ကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် ငရုတ်များဖြိုင်ဖြိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်း အားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ငရုတ်သီးအခြောက်ပိဿာ(၄၀၀-၄၅၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ငရုတ်သီးအခြောက်အညှာပါတစ်ပိဿာလျှင်(၉၀၀၀/- )ကျပ်၊ ငရုတ်သီးအခြောက် အညှာခြွေတစ်ပိဿာလျှင်( ၁၁၀၀၀/- )ကျပ်၊ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့်(၂၉၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ဈေးကွက်အနေဖြင့် ငရုတ်ပွဲစား များမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူသူများရှိသလို တောင်သူများ ကိုယ်တိုင်ပွဲရုံများ သို့လည်း တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချကြကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)