ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ဒေသထွက်ဗမာကြက်ဟင်းခါးသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မအူပင်မြို့နယ်ရှိ ကုန်စိမ်းရောင်းချသူထံမှ သိရသည်။
မအူပင် မြို့နယ်တွင် ဒေသထွက်ကြက်ဟင်းခါးသီး ဗမာသီးကို မျိုးစေ့ခံ၍ စိုက်ပျိုးကြသည်။ စိုက်ပျိုးရေး ဆိုင်များမှ ရောင်းချသော စိုက်ပျိုးရေးကြက်ဟင်းခါးသီးကိုလည်း နှစ်စဉ် စိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုးရေး ထိုင်ဝမ်ကြက်ဟင်းခါးသီးနှံသည် အလုံးရှည်၍ အသီးထွားသည်။ ယခု ဗမာကြက်ဟင်းခါးသီးသည် အလုံးသေး၍ နူးညံ့သည်။ ဗမာကြက်ဟင်းခါးတောသီးသည် ရက်၅၀အတွင်း ရောင်းတန်းဝင်ပြီး သီတင်းကျွတ်လတွင် တစ်ကြိမ်ထွက်ရှိသည်။ ဝါဆိုလတွင် တစ်ကြိမ် ထပ်မံ စိုက်ပျိုးထွက်ရှိသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်နည်းပါးပြီး အပိုဝင်ငွေရသော သီးနှံတစ်ခုဖြစ်သည်။ အဆိုပါ ဒေသကထွက်ရှိသည့် ရောင်းတန်းဝင် ကြက်ဟင်းခါးသီးများ တစ်ရက်လျှင် ၄လုံးတစ်တွဲ အစီးရေ ၁၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကြက်ဟင်းခါးသီး ၄လုံးတွဲ ၁စီးလျှင် ၃၀၀ကျပ် ၂တွဲလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချရပြီး အတွဲ ၁၀၀ လျှင် ငွေကျပ် ၃၀၀၀၀-၃၅၀၀၀ ထိပေါက်ဈေးရရှိကြောင်း၊ အဆိုပါဒေသထွက် ကြက်ဟင်းခါးသီး များနှင့် အခြားကုန်စိမ်းများကို ကျိုတ်လတ်၊ ပန်းတနော်၊ မအူပင် စသည့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)