နာနတ်သီး၏အရသာကို လူအများကြိုက်နှစ်သက်ကြပြီး အသီး၏အရောင်အဆင်းမှာလည်း ဆွဲဆောင်မှုရှိသောကြောင့် စားသုံးသူများကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိသည့် ရာသီပေါ်သီးနှံတစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးသည် ဗီတာမင်စီများစွာပါဝင်သောကြောင့် ခုခံစွမ်းအားကို မြင့်မားစေပြီး ရေဓာတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးသည့်အပြင် ကျန်းမာရေးနှင့်အလှအပရေးရာအတွက်လည်း ကောင်းမွန်သောအသီးဖြစ်ပါသည်။
မိုးရာသီအစ ဇွန်လနှောင်းပိုင်းတွင် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် မြစ်ကြီးနားနာနတ်သီးများ လှိုင်လှိုင်ထွက်ပေါ်လာပြီး ဈေးကွက်အတွင်းတွင်ရောင်းချလျက်ရှိပါသည်။ မြစ်ကြီးနားဒေသထွက် နာနတ်သီးသည် အရသာချိုမွှေး၍ မျက်ဆံတိမ်သောကြောင့် ဈေးကွက်အတွင်းတွင် နာမည်ရသော သီးနှံ တစ်မျိုးဖြစ်ပါသည်။ မြစ်ကြီးနားဒေသထွက်နာနတ်သီးကို မန်ခိန်၊ ရွှေပြည်သာ၊ နန်ကျင်၊ နောင်နန်း၊ ရွှေစက်ဒေသများရှိ စိုက်ပျိုးရေးခြံများယာခင်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ မြစ်ကြီးနား နာနတ်သီးများ ထွက်ပေါ်လာသည်နှင့် သီးနှံကုန်သည်များအနေဖြင့် အခင်းပြတ် ဝယ်ယူမှုရှိသလို အလုံးလိုက်ဝယ်ယူမှုများလည်း ရှိပါသည်။ အခင်းပြတ်ဝယ်ယူရာတွင် အခင်းအတွင်း အသီးအရေအတွက်အပေါ် မူတည်၍ အပင်ရေ(၂၀၀၀)ပါ အခင်းကွက်အား (၅,၅၀၀,၀၀၀)ကျပ်မှ (၆,၀၀၀,၀၀၀)ကျပ် အထိ ဝယ်ယူနေကြောင်း၊ အလုံးလိုက်ဝယ်ယူရာတွင် အလုံးအကြီးအသေး ရောရာတစ်လုံး (၃၀၀၀) ကျပ်မှ (၄၀၀၀) ကျပ်အထိ ဝယ်ယူရရှိကြောင်း သီးနှံကုန်သည် တစ်ဦးထံမှ သိရပါသည်။
ဈေးကွက်အတွင်းတွင် မြစ်ကြီးနားဒေသထွက် နာနတ်သီး အကြီးတစ်လုံးလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်အထိ၊ အသေးတစ်လုံးလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဇူလိုင်လ လှိုင်လှိုင်ပေါ်ထွက်ချိန်တွင် နာနတ်သီးဈေးနှုန်း ယခုထက်ကျဆင်းနိုင်ကြောင်း သီးနှံ ဆိုင်ရှင်တစ်ဦးထံမှသိရပါသည်။ ယခုဈေးကွက်အနေဖြင့် မြစ်ကြီးနား နာနတ်သီးများကို ဈေးများ၊ လူစည်ကားရာနေရာများ၊ သစ်သီးဆိုင်များတွင်ရောင်းချလျက်ရှိပြီး ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ တနိုင်းမြို့များကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။
DOCA(ကချင်)