ဆူးပုပ်စိုက်ပျိုးရောင်းချသူများ အဆင်ပြေနေ

Powered by Drupal

         ဆူးပုပ်ပင်သည် မြန်မာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဖြစ်သည်။

        စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးကိုင်းမြေနုများပေါ်တွင် ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့မှ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့် ရာသီပေါ်သီးနှံ စိုက်ပျိုးလျက်ရှိရာ ဆူးပုပ်စိုက်ပျိုးခြင်းမှ ဝင်ငွေကောင်းစွာရရှိနေသဖြင့် ယခုအချိန်တွင်တွင် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လာကြသည်။ ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ကျေးရွာ အများစုမှာ ကိုင်းမြေနုများပေါ်တွင် ဆူးပုပ်ကြီး၊ ဆူးပုပ်ကလေးများစိုက်ပျိုးကာ မိသားစုဝင်ငွေရရှိနေကြောင်း ဆူးပုတ်စိုက်တောင်သူများထံမှ သိရသည်။

      ဆူးပုပ်ကြီးအမျိုးအစားများမှာ ဆူးကျဲမျိုး၊ ဆူးလတ်မျိုး၊ ဆူးစိပ်မျိုးဟူ၍ (၃)မျိုးရှိသည်။ ဆူးပုပ်ပင်စိုက်ပျိုးရာတွင် အစေ့တိုက်ရိုက်ချနည်းနှင့် အပင်ပေါက်စိုက်နည်း(မျိုးကိုင်းကူး)ဟူ၍ နှစ်မျိုးရှိပါသည်။ စိုက်ပျိုးမြေ (၁)ဧကလျှင် အပင်(၈၀၀၀)ခန့် စိုက်မြောင်းများဆွဲပြီး စိုက်ပျိုး နိုင်သည်။ ဆူးပုပ်မျိုးကိုင်းများကို ဩဂုတ်လ၊ စက်တင်ဘာလအတွင်းပြုလုပ်ကြပြီး တစ်လခန့် အကြာတွင် စိုက်ပျိုးရန်အနေထားဖြစ်ပြီး မြေထုတ်စည်းကိုင်းကိုဖြတ်ပြီး စိုက်ခင်းတွင် စိုက်ပျိုးကြ သည်။ မြေထုတ်စည်းစိုက်သားပင် စိုက်ပြီး(၆)လခန့်ရှိလျှင် ကိုင်းမကြီးများမှ ထွက်လာသော အညွန့်များကို အောက်ဆုံးမှ အရွက်တစ်လက်ချန်၍ ခူးရသည်။ စိုက်ပျိုးပြီးစ အပင်စတင်ခူးချိန်တွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အညွန့်(၃)ညွန့်ပါ အစည်းပေါင်း (၅၀၀)ခန့်ရသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၅)ရက်အနားပေးစနစ်ဖြင့် ခူးကြသည်။ ဖေဖော်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်းပေါင်း(၁၅၀၀)ခန့်ထွက်ပြီး နွေရာသီတွင်အရွက်ကြသဖြင့် အထွက်နှုန်းနည်းပြီး ဆောင်းရာသီနှင့် မိုးရွာသီတွင် အများဆုံးခူးယူပြီး ရန်ကုန်၊ မန္တလေးသို့ ဆူးပုပ် အထုံး(အကြီး) တစ်စည်းလျှင်(၁၀၀၀-၁၅၀၀)ကျပ်နှုန်းဖြင့် တင်ပို့ရောင်းချလျက်ရှိကာ ဝင်ငွေကောင်း နေကြောင်း သိရသည်။

    “ဆောင်းတွင်ဘက်ဆို ဖောက်သည်ပေးရောင်းချကြတယ်၊ ဖောက်သည်မှာတဲ့အပေါ် မူတည်ပြီး အညွန့်တွေကို ကိုက်ဖြတ်ရောင်းရတယ်၊ ဆူးပုပ်စိုက်ပျိုးထားတာ ပုံမှန်ဝင်ငွေလည်းရ တွက်ချေလည်းကိုက်တယ်၊ ကိုင်းမြေပတ်လည်မှာလည်း ဆူးပုပ်ပင်တွေနဲ့ စည်းရိုးလုပ်ထားတာ ဆိုတော့ အပိုဝင်ငွေလည်းရတာပေါ့”ဟု မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာ ဆူးပုပ်စိုက်တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)