ပခုက္ကူမြို့၌ ခရမ်းချဉ်သီးဈေးမြင့်တက်

Powered by Drupal
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့်ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူစားသုံးမှု နည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ်ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရှိရသည်။ ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)မှစ၍ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၃၆၀၀) ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ခရမ်း ချဉ်သီးစိုက်ပျိုးထားရှိသော စိုက်ခင်းများမှ ခရမ်းချဉ်သီးထွက်ရှိမှုနည်း၍ ဈေးကွက်သို့ ကုန်ဝင် ရောက်မှုနည်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် သယ်ယူစရိတ်ကြီးမြင့်၍ ဈေးကျဆင်းခြင်းမရှိဘဲ ဈေးအမြင့်ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံရောင်း ဝယ်ရေးဈေးကွက်မှ သိရှိရသည်။ DOCA(မကွေး)