ရန်ကုန်မြို့ပြနှင့် ကောက်ရိုးမှိုဈေးကွက်

Powered by Drupal

            “ကောက်ရိုးမှို”ဆိုတာနဲ့ ကန်စွန်းရွက်စိမ်းစိမ်းလေးတွေကြားမှာ ဖြူဖြူမှိုလေးတွေနဲ့ ရောကြော်ထားတဲ့မှိုကန်စွန်းဟင်းလျာတစ်ပွဲကို ပြေးမြင်မိကြမှာအမှန်ပါဘဲ။ စားရေးသူတို့ မြန်မာလူမျိုးအများစုဟာ မှိုကိုကန်စွန်းရွက်နဲ့ရောကြော်ပြီး မှိုကန်စွန်းလုပ်စားကြတာများကြပါတယ်။ ခုနောက်ပိုင်း ခေတ်အခြေအနေအရ ဟော့ပေါ့ထဲမှာ မှိုကိုထည့်သွင်းစားသောက်လာကြတော့ ဟော့ပေါ့ဆိုင်တွေဖွင့်တာများလာလေ မှိုကိုစားသုံးမှု သိသိသာသာမြင့်တက်လာတာကိုလည်း သတိထားမိပါတယ်။  မြန်မာလူမျိုးများသည် ရှေးယခင်ကတည်းကမှိုနှင့်ရင်းနှီးပြီးသား ဖြစ်သည်ကို စကားပုံအသုံးအနှုန်းလေးတွေကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။ မြန်မာစကားမှာ တစ်ခုခုအဆင်ပြေလို့ ပြုံးရွှင်မြူးတူးနေတဲ့မျက်နှာတွေ့ရင် “မှိုရတဲ့မျက်နှာကြီးနဲ့”လို့ ပြောလေ့ရှိကြပါတယ်။ ရှေး‌ခေတ်က မှိုကိုစိုက်ပျိုးလေ့မရှိတာကြောင့် တောတောင်တွေထဲမှာ ဟိုတစ်စုဒီတစ်စုပေါက်နေတာမျိုး ခူးဆွတ်ကြရပြီး အလွန်ရှားပါးပြီး မှိုရဖို့တော်တော်ခက်တာမို့ မှိုရတာနဲ့ အဲ့ဒီလောက်တောင်ပျော်ကြတယ်လို့ စာပေတွေထဲမှာ ဖတ်သားဖူးခဲ့ပါတယ်။ မှိုတွေမှာ အဟာရဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ မှိုတွေဟာဘက်တီးရီးယားကို တန်ပြန်တိုက်ခိုက် နိုင်တဲ့ အစွမ်း လည်း ရှိသလို ကိုယ်တွင်းကိုလက်စရောကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ် ကိုလည်း မြင့်တက်စေပါတယ်။ လေ့လာမှုအသစ်အရဆိုရင် အာရုံကြော ရာဂါတွေဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါနဲ့ ပါကင်ဆန်ရောဂါတွေကို ကာကွယ်ရာမှာတောင်အသုံးပြုတယ်လို့ဆိုကြပါတယ်။ မှိုကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ မှိုတွေမှာတိုက်ရိုက်ဝိတ်ကျစေတဲ့အစွမ်းတော့မရှိပေမဲ့ ကိုယ်စားနေကျအသားဟင်းတွေနေရာမှာ မှိုကိုအစားထိုးပြီး ဝိတ်မတက်အောင်လုပ်လို့ရပါသေးတယ်။ မှိုကို စားရ ကောင်းမှန်းရှေးဦးစွာသိရှိသူများကတော့ ရောမလူမျိုးနှင့်တရုတ်လူမျိုးများ ဖြစ်ကြပါတယ်။ ရောမနှင့်ဂရိမှာတော့ မှိုကို ဘုရားသခင်ကပေးသောအစားအသောက်အဖြစ် အထွဋ်အမြတ်ထား၍ မင်းမျိုးမင်းနွယ်ဝင်များသာ စားသောက်ခွင့်ရရှိခဲ့ကြပါတယ်။

             မှိုသည် ရာသီကူးပြောင်းကာလများတွင် ဖြိုင်ဖြိုင်ပေါက်လေ့ရှိပြီး ယခင်နှစ်က ပေါက်ခဲ့သောနေရာတွင် ထပ်မံပေါက်လေ့ရှိသောကြောင့် တစ်ကြိမ်တစ်ခါရှာတွေ့ထားသောမှိုကျင်းမှာ နှစ်စဉ်မှိုခူးနေရမည်သာ ဖြစ်ပါသည်။ ယခင်က မှိုကိုစိုက်ပျိုးလေ့မရှိဘဲ ရှာတွေ့ထားသောမှိုကျင်းကိုသာ မပျက်စီးစေရန် ပြုပြင်ဖန်တီး၍ စားသုံးနေကြရာမှ (၁၈)ရာစုအလယ်ပိုင်းတွင်ပြင်သစ်၌ မှိုကိုစတင် စမ်းသပ်မွေးမြူစိုက်ပျိုးခဲ့ရာမှ (၁၉)ရာစုတွင် မှိုစိုက်ပျိုးခြင်းသည် ကမ္ဘာတစ်ဝှမ်းလုံးသို့ပျံ့နှံ့သွားခဲ့ပါတယ်။ တိုးတက်ခေတ်မီသော နည်းစနစ်များကြောင့် ဥရောပ၊ အမေရိက ၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုးရီးယား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အိန္ဒိယတို့တွင် မှိုကို‌ခေါတ်မီသောနည်းစနစ်များ အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်သောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါ တယ်။

            မြန်မာလူမျိုးတွေဟာ မှိုကို မှိုပေါက်တဲ့နေရာ၊ မှိုပေါ်ကတဲ့လက်ခံပစ္စည်း၊ မှိုရဲ့ပုံသဏ္ဍန်၊ မှိုရဲ့အရောင်အဆင်းတို့ကိုကြည့်ပြီး းနာမည်ပေးလေ့ရှိကြပါတယ်။ (ဥပမာ-ကောက်ရိုးမှို၊ ပဲမှို၊ သရက်မှို၊ မှိုခြေတံရှည်၊ သင်္ဃန်းမှို၊ ကြက်တူရွေးမှို၊ မှိုစုန်း)အဆိပ်ရှိသောမှိုများကို နာမည်ပေးထားလေ့မရှိတာလည်း တွေ့ရပြန်ပါတယ်။ မှိုကို သဘာဝအလျောက်ခူးဆွတ်စားသောက်နေရာမှ အသိအမြင်ကြွယ်ဝလာတဲ့အခါ မိမိတို့ခြံဝင်းအတွင်း စိုက်ပျိုးစားသောက်တက်လာကြပါတယ်။ မြန်မာလူမျိုးတွေခြံဝန်းတွေမှာ စတင်စိုက်ပျိုးခဲ့တာကတော့ ကောက်ရိုးမှိုပါ။ ကောက်ရိုးမှိုကို မိုးဦးကျတွင်ရွာအပြင်ထွက်၍ သွားရောက်ရှာဖွေစားသောက်ရာမှ မိမိခြံဝန်းအတွင်း ကောက်ရိုးများကိုသယ်ယူလာကြကာ ဆန်ကွဲ၊ဆန်ဆေးရည်ပက်ဖျန်း၍ မှိုစိုက်တက်လာကြပါတယ်။ နည်းစနစ်ကျတဲ့ကောက်ရိုးမှိုစိုက်ပျိုးနည်းကိုတော့ ထိုင်းနိုင်ငံမှရှိပညာရှင်များမှ လက်ဆင့်ကမ်း ရရှိ၍ စနစ်တကျစိုက်ပျိုးခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် တွံတေးတို့တွင် ကောက်ရိုးမှိုများကို အများဆုံးစိုက်ပျိုးကြပါတယ်။

            ကောက်ရိုးမှိုသည် လယ်ယာထွက်ဘေးထွက်ပစ္စည်းဖြစ်သည့် ရိုးပြတ်များကိုအသုံးပြုကာ မြေဘောင်စနစ်၊ စင်တင်စနစ်များဖြင့် စိုက်ပျိုးကြရပါတယ်။  ကောက်ရိုးမှိုသည်အပူချိန်များ၍ စိုထိုင်းဆများရန်လိုအပ်သဖြင့် ပလတ်စတစ်ဖြင့်ဖုံးကာ၍ စိုက်ပျိုးကြရပါတယ်။ ကောက်ရိုးမှိုအား စိုက်ပျိုးပါက စတင်စိုက်ပျိုးပြီး (၅)ရက်မှ (၈)ရက်အတွင်း ပြောင်းဖူးစေ့အရွယ်မှိုပွင့်များ စတင်ဖွင့်ဖူးပွင့်လာကာ (၉)ရက်မှ  (၁၅)ရက်အတွင်း ခူးဆွတ်နိုင်သဖြင့် ဝင်ငွေအမြန်ဆုံးရရှိတဲ့ စိုက်ပျိုးသီးနှံလည်း ဖြစ်ပါတယ်။ ကောက်ရိုးမှိုသည် အစိုဓါတ်ကျန်ရှိနေသော ကောက်ရိုးများနှင့်စိုက်ပျိုးပါက ဖြစ်ထွန်းအောင်မြင်မှုမရှိပါ။  နွေစပါး (သို့မဟုတ်) မတ်ပဲ၊ ပဲတီစိမ်းစသည့် သီးထပ်စိုက်ပျိုးသောဒေသရှိ ရိုးပြတ်များမှာ အစိုဓါတ်ကျန်ရှိနေတတ်ပါသည်။ ကောက်ရိုးမှိုအများဆုံးစိုက်ပျိုးသည့် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် တွံ့တေးဒေသများသည် မိုးစပါးတစ်သီးသာ စိုက်ပျိုးနိုင်သောဒေသများဖြစ်သောကြောင့် မိုးစပါးရိတ်သိမ်းပြီးမှရရှိသော ရိုးပြတ်များအသုံးပြု၍ စိုက်ပျိုးကြခြင်းကြောင့် ကောက်ရိုးမှိုဖြစ်ထွန်းကြခြင်း ဖြစ်ပါတယ်။ ကောက်ရိုးမှိုစိုက်ပျိုးရန်အတွက် အဓိကကုန်ကြမ်းမှာ ကောက်ရိုးဖြစ်သည့်အတွက် စပါးရိတ်သိမ်းပြီးချိန် ဆောင်းနှင့် နွေတို့တွင် စိုက်ပျိုးကြသော်လည်း မိုးရာသီတွင် ဗေဒါရိုးများအသုံးပြု၍ စိုက်ပျိုးကြသည်ကိုလည်း တွေ့ရပါသည်။ ကောက်ရိုးကိုအသုံးပြု၍ ထွက်ရှိလာသောမှိုနှင့်ဗေဒါကို အသုံးပြု၍ ထွက်ရှိလာသောမှိုများမှာ ကျစ်လစ်သိပ်သည်းမှုနှင့် အရသာအနည်းငယ် ကွာပါတယ်။

             ကောက်ရိုးမှိုစိုက်ပျိုးရေးလုပ်ငန်းများကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးတွင် စီးပွားဖြစ်စိုက်ပျိုးလာကြသည့်အတွက် ကော့မှူးမြို့ပေါ်တွင် မှိုဒိုင်ကြီး (၈) ခုရှိပြီး မှိုဒိုင်မှ မှိုမျိုးထုတ်များယူ၍ စိုက်ပျိုးသည့်မှိုစိုက် တောင်သူ (၂၆၂)ဦး ခန့်ရှိနေပြီ ဖြစ်ပါတယ်။  ဒလ၊ ကွမ်းခြံကုန်းနှင့် ဒေးဒရဲဘက်များမှ မှိုမျိုးစေ့ဝယ်ယူစိုက်ပျိုးသည့်တောင်သူ (၄၅၉)ဦးခန့် ရှိနေပြီဖြစ်ပါတယ်။ ကောက်ရိုးမှိုကို စားသုံးမှုများလာကြသည့်အတွက် စားသောက်ဆိုင်အသေးများမှ ဟိုတယ်ကြီးများထိ ဈေးအသင့်သင့်မှ ဈေးကြီးပေး၍စားသုံးကြသည့် ဈေးကွက်ရရှိနေခြင်းကြောင့် ရန်ကုန်မြို့ပြဈေးကွက်နှင့် လက်လှမ်းမီသည့် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် တွံ့တေးဒေသအတွင်းရှိ ဒေသခံတောင်သူများက အများဆုံးစိုက်ပျိုးကြခြင်းဖြစ်ပါတယ်။ စိုက်ပျိုးတောင်သူများစိုက်ပျိုး၍ ထွက်ရှိလာသောမှိုများကို မှိုဒိုင်များမှဝယ်ယူ၍ သရီမင်္ဂလာဈေး၊ ဓညင်းကုန်းဈေးနှင့် ထောက်ကြန့်ဈေးများသို့ နေ့စဉ်ကုန်ချိန်ပိဿာ (၁၀၀၀) မှ (၂၀၀၀)နီးပါးအထိ တင်ပို့ကြပြီး ၎င်းဈေးများမှတစ်ဆင့် ရန်ကုန်တိုင်းတစ်တိုင်းလုံးရှိ ဈေးကွက်များသို့ ဆက်လက်ဖြန့်ဖြူးရောင်းချနေကြပါတယ်။ ဒေသရှိမှိုဒိုင်များမှ ဒိုင်ကောက်ဈေးမှာ ကောက်ရိုးမှို (၁)ပိဿာ လျှင်(၅၀၀၀)ကိပ်ဖြစ်ပြီး ဒိုင်မှ ဈေးကြီးများတွင် (၁)ပိဿာလျှင်(၆၀၀၀)ဖြင့် ပြန်ရောင်းချလျက်ရှိပါတယ်။ အဆိုပါဒေသများရှိ မှိုစိုက်ပျိုးသူတွေဟာ ကောက်ရိုးမှိုကို မြေပြင်တွင် စိုက်ဘောင်များဖြင့် (Outdoor System) ဖြင့် စိုက်ပျိုးခြင်း၊ တဲအိမ်များဖြင့် (Indoor System) စိုက်ပျိုးခြင်းတို့အပြင် စက်ရုံပုံစံ (Industrial Type) ဖြင့် စိုက်ပျိုးနိုင်အောင်လည်း စတင်စမ်းသပ်၍ စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်။ ကောက်ရိုးမှိုသည် သာမာန်အပူချိန်တွင် (၂၄)ရီသာ အထားခံသည့်အတွက် အအေးခန်းသိုလှောင်ရုံများဖြင့် သိမ်းဆည်း၍ Supermarket များ အထိရောင်းချနိုင်စေရန်အတွက် ဈေးကွက်ဖော်ဆောင်ရန်၊ ကောက်ရိုးမှိုအား Valued Added လုပ်ကာ မှိုဆီကြော်၊ မှိုခြောက်အပြင် မှိုကို ကြာရှည်ခံစွာထားရှိနိုင်အောင် စည်သွပ်ဘူး ပြုလုပ်နိုင်သည်အထိ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့ အစည်းများ ၊ နည်းပညာရှင်များနှင့် ဒေသခံများ တို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

DOCA(ရန်ကုန်)