
ကျွန်းလှမြို့နယ်အတွင်းတွင် မိမိတို့ မိသားစု စားဝတ်နေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးပြီး မိမိတို့မိသားစု စားသုံးပိုလျှံမှုများကို ကျွန်းလှမြို့ဈေးကွက်အတွင်းသို့ ရောင်းချသည့်အတွက် ယခင်ကဈေးနှုန်း ချိုသာခဲ့သော်လည်း ယခုအခါတွင် မိမိတို့ ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။
ယခု ဇူလိုင်လ ပထမပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးတို့တွင် ရောင်းချ လျက်ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး(အင်းသီး) အလုံး အကြီး/ အသေးပေါ် မူတည်၍ လက္ကားဈေး တစ်ပိဿာလျှင်(၅၈၀၀)ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင်(၆၀၀၀)ကျပ် (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ခရမ်းချဉ်သီးသည် အိမ်ရှင်မများအတွက် တနေ့တာချက်ပြုတ်ရာတွင် မရှိမဖြစ်သော အသီးတစ်မျိုး ဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)