
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဇလွန်မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံ ချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်းစိစစ်တွေ့ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)