ပြည်မြို့နယ်အတွင်းရှိ ကြာအင်း၊ ဖုမ္မသိမ်ရွာ၊ ပေါင်းတလည်မြို့ရှိ ကျေးလက်ဒေသများလည်း ကွမ်းပင်များကို တပိုင်စိုက်ပျိုးမှုရှိသလို စီးပွားဖြစ်လည်းစိုက်ပျိုးလျှက်ရှိပါသည်။ ကွမ်းပင်စိုက်ပျိုးရာ တွင် ကွမ်းခြံတစ်ခြံလျှင် ပျမ်းမျှအားဖြင့် ကွမ်းပင်(၁၀၀၀)ခန့်စိုက်ပျိုးကြပါသည်။ ကွမ်းညွှန့် တစ်ညွှန့် လျှင် ၁၀၀ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကြပြီး အပင် (၁၀၀၀)စိုက်ပျိုးလျှင် (အညွှန့်၊ တိုင်၊ အမိုး၊ အကာ၊ အလုပ်သမားခအပါအဝင်) ကုန်ကျစရိတ်မှာ ကျပ်(၃)သိန်းခန့် ကုန်ကျသည် ဟုသိရပါသည်။ ကွမ်းပင် စိုက်ပျိုးပြီး (၄၅)ရက်ကြာလျှင် အညွှန့်အသေးလေးများ စတင်ထွက်ပေါ်လာပြီး နောက်ထပ် (၄၅)ရက် ကြာလျှင် စတင်ခူးယူရပါသည်။ ကွမ်းရွက်ကို (၁၅)ရက်တစ်ခါခူးယူရ၍ တစ်လလျှင် (၂)ခါခူးယူရပါသည်။ ကွမ်းတစ်ထောင်စိုက်ပျိုးလျှင် ပျမ်းမျှကွမ်းရွက် ပိဿာချိန်(၃၀) ခန့်ထွက်ရှိပါသည်။ ကွမ်းခြံတစ်ခြံ၏ သက်တမ်းမှာ (၁)နှစ် (သို့မဟုတ်) (၆)လဖြစ်ပြီး ကွမ်းပင်အမျိုးအစားမှာ ဒေသအလိုက်အခေါ်အဝေါ် အမျိုးမျိုးရှိပြီး အများဆုံးစိုက်ပျိုးသည့်မျိုးမှာ ကွမ်းနုဝါမျိုးများ ဖြစ်သည်ဟု သိရပါသည်။ ဈေးကွက်အတွင်း ရောင်းချသည့် ကွမ်းရွက်ဈေးနှုန်းများမှာ ယခုအချိန်တွင် မိုးရာသီဖြစ်သည့်အတွက် ကွမ်းရွက် တစ်ပိဿာလျှင် (၅၀၀၀-၅၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိသဖြင့် ယခင်ဇူလိုင်လ စတုတ္ထပတ်ထက် ကျဆင်းသွားကြောင်း သိရှိရပါသည်။ ကွမ်းရွက်များကို ပြည်မြို့ ဈေးကွက်များအပြင် ရန်ကုန်မြို့နှင့် ရခိုင်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)