မြန်မာနိုင်ငံ၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုသည် နေရာဒေသအနှံ့တွင် တစ်နှစ်ပတ်လုံးထွက်ရှိနေသည်ဟု ဆိုရပါမည်။ ဒေသအလိုက် ငရုတ်သီးပေါ်ချိန် ကွာခြားသကဲ့သို့ ဈေးကွက်အတက်/ အကျသည်လည်း ငရုတ်သီးထွက်ရှိချိန်ကာလအလိုက် ဖြစ်ပေါ်နေသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သည့် ငရုတ်စို/ခြောက်များ ယခုတစ်ပတ်အတွင်း သိသိသာသာဈေးနှုန်းမြှင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် ငရုတ်စိုပွဲရုံလက်ကားဈေး တစ်ပိဿာလျှင်(၄၀၀၀-၄၅၀၀)ကျပ်နှုန်း၊ လက်လီဈေးမှာတစ်ပိဿာလျှင် (၅၀၀၀-၅၅၀၀)ကျပ် နှုန်းနှင့်ငရုတ်ခြောက် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင်(၁၂၀၀၀-၁၃၀၀၀)ကျပ်နှုန်း၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
ငရုတ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မနိုး၊ ထနောင်းတော၊ မြေနဲ၊ ဆည်ကြီးတော၊ သစ်ညိုပင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိသော ငရုပ်စို/ ခြောက်များကို မန္တလေး၊ ရန်ကုန်မြို့များနှင့် မုံရွာမြို့တွင်းပွဲရုံများသို့တင်ပို့ရောင်းချကြကြောင်းသိရသည်။
DOCA(စစ်ကိုင်း)