ဂျုံသီးနှံနှင့် ဂျုံမှုန့်ထုတ်လုပ်မှုက စားသောက်ကုန်အတွက်အရေးပါ

Powered by Drupal

      ဂျုံသီးနှံသည်စပါးနှင့် ပြောင်းသီးနှံပြီးလျှင် အရေးပါဆုံးကောက်ပဲသီးနှံများထဲမှ သီးနှံတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း၊ ချင်းတွင်းမြစ် အောက်ပိုင်းဒေသများ၊ ရွှေဘို၊ ကျောက်ဆည်စသည့်ဒေသများတွင် ဂျုံကိုစိုက်ပျိုးကြသည်။ ဆောင်းရာသီ ဂျုံကို အဓိကစိုက်ပျိုးပြီးအရောင်မှာ အနီ၊ အဝါ၊ အဖြူ ကွဲပြားခြားနားမှုရှိသည်။ ဂျုံပင်များကို ၄ လခန့်မျှ စိုက်ပျိုးရ၏။ မြေအမျိုးအစားနှင့် သင့်တော်မည့်ဂျုံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးကြရပြီး မိုးရေအစို ဓာတ်ဖြင့် စိုက်ပျိုးပါက မြေတစ်ဧကလျှင်ဂျုံမျိုးစေ့ တစ်တင်းခွဲခန့်အသုံးပြုကြပြီး ရေသွင်းစိုက်ပျိုးပါက ၂ တင်း အထိအသုံးပြုကြသည်။ ဂျုံသည်စပါးကဲ့သို့ မဟုတ်ဘဲ၊ မျိုးကြဲခြင်း ပြီးသည့်နောက်တွင်လည်း မျိုးစေ့များမြေထဲသို့ ၃ လက်မ၊ ၄ လက်မခန့်ကျသွား၍ မြေဖြင့်ဖုံးအုပ်နေအောင် ထပ်မံထွန်ပေးရပါသည်။ ဂျုံစိုက်ပျိုးရန်အသင့်တော်ဆုံးကာလမှာ အောက်တိုဘာလနှင့် နိုဝင်ဘာလဖြစ်ပြီး ဖော်ဖော်ဝါရီနှင့် မတ်လတွင် ဂျုံသီးနှံစတင်ထွက်ပေါ်သည်။ ဂျုံပင်၏ ရိုးတံနှင့်အနှံများ အဝါရောင်ပြောင်းချိန် သို့မဟုတ် ရက် ၉၀မှ ၁၁၅ ရက်သားခန့်ရောက်ပြီး အနှံအားလုံး ၈၀ ရာခိုင်နှုန်းရင့်မှည့်ချိန်တွင် ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။ ရိတ်သိမ်းချိန်မတိုင်မီ ရိတ်သိမ်းမိလျှင် ဂျုံစေ့များမှာ ရှုံ့တွနေတတ်၍ ပိုးတွယ်တတ်သည်။ အချိန်လွန်သွားလျှင်လည်း ဂျုံစေ့များကြွေကျတတ်သဖြင့် ရိတ်ချိန်မှန်မှ သီးနှံကောင်းရရှိမည်ဖြစ်သည်။

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံစိုက်ပျိုးထုတ်လုပ်မှုမှာ နှစ်စဉ်ဧက (၁)သိန်းခန့်လျာထား စိုက်ပျိုးပါသည်။ စစ်ကိုင်းခရိုင်တွင် စိုက်ဧက (၄၂၀၀၀)ကျော်၊ ရွှေဘိုခရိုင်တွင်(၃၁၀၀၀)ကျော်၊ မုံရွာ ခရိုင်တွင် (၁၃၀၀၀)ကျော်၊ ယင်းမာပင်ခရိုင်တွင် (၆၀၀၀)ကျော်၊ ကလေးခရိုင်တွင် (၅၀၀)ကျော် စိုက်ပျိုးမှု ရှိသည်။ အထွက်နှုန်းမှာ တစ်ဧကလျှင် (၂၁)တင်းခန့်ထွက်ရှိသည်။ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန် အထိ တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၃)သိန်းကျော်ခန့်ကုန်ကျသည်။ ချောင်းဦးမြို့နယ် ပေါက်အင်းစိုက်ကွင်းမှ ဒေသရေမြေနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးများထုတ်လုပ် ဖြန့်ချိပေးသည်။

         ဂျုံစက်များတွင် ဂျုံစေ့မှ ဂျုံမှုန့်နု၊ ဂျုံမှုန့်ကြမ်း၊ ဂျုံဆန်ကွဲ၊ ဂျုံဖွဲဟူ၍ ဂျုံမှုန့် အမျိုးအစားများကို ရရှိပါသည်။ ဂျုံကြိတ်စက်များ၌ အထပ်ပေါင်း ၈ ထပ်မှ ၁ဝ ထပ်ခန့်အထိရှိ၍ အပေါ်ဆုံးထပ်မှ အောက်ဆုံး ထပ်တိုင်အောင် အဆင့်ဆင့်ဂျုံကြိတ်ခွဲသည်။ ဂျုံကြိတ်စက်သို့ရောက်လာသော ဂျုံစေ့များသည် အမှိုက်သရိုက်များ စင်ကြယ်အောင်ဆောင်ရွက်ပြီးနောက် ဂျုံစေ့များကို စက်ပေါ်တင်ပေးလိုက်သောအခါ တစ်ထပ်ပြီးတစ်ထပ် အလိုအလျောက်ကြေညက်၍ အောက်သို့ဆင်းလာသည်။ အထပ်တိုင်းရှိ ဒလိမ့် တုံးများ အသီးသီးရှိကြရာ ပထမအဆင့်တွင်အခွံနှင့် အဆန် ကွဲရုံသာကြိတ်ပေးပြီး နောက်အဆင့်များသို့ ရောက်မှ တခါထက်တခါညက်၍ လာသည်။ ပိုးဆန်ခါစိပ်များနှင့်ချ၍ ခွဲထုတ်ပြီးလျှင် မညက်သေးသော ဂျုံမှုန့်များကို တစ်ဖန်ထပ်၍ ကြိတ်ရပါသည်။ စက်ကဂျုံကြမ်းနှင့် ဂျုံဖွဲကို တစ်ခြားစီ ခွဲထုတ်ပေးပြီးနောက် နောက်ဆုံးညက်သော ဂျုံမှုန့်အဖြူ၊ ဂျုံကြမ်းနှင့် ဂျုံဖွဲများ တစ်နေရာစီ ခွဲခြား၍ထွက်လာကြသည်။ ကြိတ်ပြီးသောအခါဂျုံမှုန့်ကို အလေးချိန်၊ အရွယ်အစားအမျိုးမျိုးအိတ်များဖြင့်ထည့်၍တင်ပို့ရောင်းချ သည်။  ဂျုံကြိတ်ရာမှ ဘေးထွက်ပစ္စည်းအဖြစ်ဖြင့် ထွက်လာသော ဂျုံဖွဲ၊ ဂျုံကြမ်း စသည်တို့ကို တိရစ္ဆာန် အစာအဖြစ် အသုံးပြုကြသည်။ ဂျုံစေ့ကုန်ကြမ်း၏ ၇၅ ရာခိုင်နှုန်း ဂျုံမှုန့်ကုန်ချော အဖြစ်ထွက်ရှိသည်။ မုံရွာစက်မှုဇုံတွင် ဂျုံစက်(၁၀)စက်ခန့်ရှိပြီး၊ စက်ရုံအကြီးတစ်ခုသည် တစ်ရက်ထုတ်လုပ်အား ဂျုံမှုန့် (၂၀၀၀၀)ပိဿာ ထုတ်လုပ်နိုင်ပြီး ဝယ်လိုအားလျော့သည့်အချိန်တွင် လျော့နည်းထုတ်လုပ်ကြောင်း သိရသည်။ မုံရွာကုန်စည်ဒိုင်မှ ဂျုံပေါက်ဈေးအတိုင်းဝယ်ယူပြီးကြိတ်ခွဲ ထုတ်လုပ်သည်။ မုံရွာကုန်စည်ဒိုင် ဈေးနှုန်းအရ ဂျုံစတင်ထွက်ပေါ်ချိန်မတ်လဆန်းက ဂျုံဖြူသန့် ၂၀ ပိဿာအလေးချိန်ရှိ တစ်တင်းလျှင် ၃၂၀၀၀ ကျပ်မှ လက်ရှိဩဂုတ်လဆန်းတွင် ၄၈၀၀၀ကျပ်၊ အထွက်တိုးဂျုံနီဈေးနှုန်းမှာ ပေါ်စ ၂၉၀၀၀ ကျပ်မှလက်ရှိဈေးမှာ ၄၆၀၀၀ ကျပ်ဖြစ်ကြောင်းတွေ့ရသည်။ လက်ရှိဂျုံမှုန့်ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိပြီး တစ်ပိဿာလျှင် ၂၇၀၀ ကျပ်ဖြစ်သည်။ ဂျုံမှုန့်များကိုတိုင်းတွင်း မြို့နယ်များနှင့် မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချကြသည်။ မုံရွာမြို့နယ်အတွင်းတွင် ကိတ်မုန့်ပေါင်မုန့်လုပ်ငန်းများပြားသဖြင့် ဈေးကွက်များရှိနေသည်။

         နိုင်ငံတကာဂျုံဈေးကွက်သည် စားသောက်ကုန်ဈေးနှုန်းအပေါ်သက်ရောက်မှုရှိသည်။  ရာသီဥတု ကြောင့်စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ခဲ့ရသည့်နိုင်ငံများတွင် ဂျုံပြည်ပတင်ပို့မှုကို တားမြစ်မှုများရှိသည်။ စစ်ဖြစ်ပွားသောနိုင်ငံများတွင် ပြည်ပတင်ပို့မှုရပ်ဆိုင်းမှုများရှိသောကြောင့် ကုန်စည်ရှားပါးပြီး စားသောက် ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့ရမှုများရှိသည်။ မြန်မာနိုင်ငံတွင် စားသုံးမှုလိုအပ်ချက်အရ ပြည်ပမှ ဂျုံမှုန့်တင်သွင်းရသည်။ ပုံမှန်ကုန်သွယ်မှုအပြင် နယ်စပ်ကုန်သွယ်မှုမှလည်းဝင်ရောက်သည်။ အိန္ဒိယနိုင်ငံဘက်မှ ဂျုံမှုန့်များတမူးနယ်စပ်သို့ တဆင့်ဝင်ရောက်လာရာ အခွန်ပေးဆောင်ထားမှု မရှိခြင်းနှင့် စားသုံးရန်ထောက်ခံချက်များမပါခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဂိတ်များတွင် ဂျုံမှုန့်အိတ်များအားအရေးယူမှုများရှိသဖြင့် တရားဝင်အခွန်ဆောင်ဝင်ရောက်လာကြောင်း တွေ့ရသည်။

         ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး ရေရှည်ထုတ်လုပ်နိုင်ရန် အရည်အသွေးကောင်းမျိုးစေ့ များနှင့် ဂျုံအထွက်တိုးနည်းပညာများလိုအပ်သည်။ ဂျုံစိုက်တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းသုံးစွဲရမှုများသဖြင့် စက်ကိရိယာလိုအပ်ချက်ရှိပါသည်။ လယ်ယာစိုက်ပျိုးရေးဘဏ်၊ မြစိမ်းရောင်၊ Pact Myanmar နှင့် သမဝါယမအဖွဲ့အစည်းများမှ ချေးငွေရယူမှုများရှိသော်လည်း စိုက်ပျိုးစရိတ်များ ကြီးမြင့်လာမှုကြောင့်ရင်းနှီးငွေ လိုအပ်ချက်မြင့်မားလျက်ရှိသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့ပါက ဈေးကွက်ဈေးနှုန်းပိုမိုကောင်းမွန်နိုင်ကြောင်းသိရသည်။ ဂျုံမှုန့်များပြည်တွင်း သယ်ယူပို့ဆောင်စရိတ်သည် ပြည်ပမှတင်သွင်းသည့် ဂျုံမှုန့်ထက် ပိုမိုကုန်ကျနေသဖြင့် တွက်ခြေကိုက် သည့်ဈေးနှုန်းမရရှိတော့သဖြင့် ဂျုံစိုက်ဧကလျော့ကျကြောင်း သိရသည်။ ပြည်ပသွင်းကုန်အစားထိုး နိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ဂျုံစက်များနှင့်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို အားပေးပံ့ပိုးပြီး သယ်ယူပို့ဆောင်စရိတ်ကျဆင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)