မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအသင်း နှမ်းစိုက်တောင်သူ အစုအဖွဲ့များမှ ပြည်ပပို့ကုန် နှမ်းသီးနှံ စုပေါင်းရောင်းချပွဲ ကျင်းပပြုလုပ်

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ တိုင်းတောင်သူဖွံ့ဖြိုးရေးအသင်းနှင့် နှမ်းပြည်ပတင်ပို့သည့် ကုမ္ပဏီ(၅)ခုတို့ ကြိုတင်ညှိနှိုင်းသဘောတူစာချုပ်အရ နှမ်းနက်နှင့် နှမ်းဖြူ တန်ချိန်(၃၀၀၀)သတ်မှတ်ကာလ (၁)လအတွင်း Exporter ကုမ္ပဏီများမှ ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူပေးမည်ဖြစ်ပြီး၊ နှမ်းစိုက်တောင်သူ အစုအဖွဲ့များ မှ နှမ်းစုပေါင်းရောင်းချပွဲကို မကွေးမြို့နယ်၊ ကံလှကျေးရွာအနီးရှိ Good Brother’s Enterprise ၏ လုပ်ငန်း စုဝန်းအတွင်း၌ (၁၅.၈.၂၀၂၂)ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးသည် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲ တာဝန်ခံနှင့် မကွေးခရိုင်မှ ဒု-ခရိုင်ဦးစီးမှူးတို့လိုက်ပါလျှက် နှမ်းစိုက်တောင်သူများ စုပေါင်းနှမ်းရောင်းချမှု နှမ်းအရည်အသွေးသတ်မှတ် ချက်နှင့် ကုမ္ပဏီများ၏ ဈေးနှုန်းဖွင့်လှစ်ဝယ်ယူမှုအခြေအနေများကို ကြည့်ရှုလေ့လာပြီး လိုအပ်သည်များ အကြံပြု တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         နှမ်းသီးနှံစုပေါင်းရောင်းချပွဲကို သတ်မှတ်ကာလ(၁)လအတွင်း နှမ်းတန်ချိန်(၃၀၀၀)ပြည့်အောင် တောင်သူများမှ နေ့စဥ် စုပေါင်းရောင်းချသွားမည်ဖြစ်ပြီး နှမ်း Exporter ကုမ္ပဏီ(၅ခုမှ နေ့အလိုက် ဈေးကွက်ပေါက်ဈေးအပေါ်အခြေခံ၍ ဈေးနှုန်းဖွင့်လှစ်ရမည်ဖြစ်ပြီး ဈေးနှုန်းအများဆုံးပေးသည့် ကုမ္ပဏီက နေ့အလိုက် စုပေါင်းရောင်းချသည့်နှမ်းများကို ဝယ်ယူရမည်ဖြစ်ပါသည်။

      ကုမ္ပဏီများမှ နှမ်းဝယ်ယူရာတွင် နှမ်းအရည်အသွေးပေါ်မူတည်၍ Grade A, Grade B, Grade C နှင့် အခြားဟူ၍ ခွဲခြားထားပြီး Grade အလိုက် နှမ်းနမူနာနှင့် အရည်အသွေးသတ်မှတ်ချက်များကို ခင်းကျင်း ပြသထားပြီး Grade တစ်ခုနှင့် တစ်ခု နှမ်းတစ်တင်းလျှင် ဈေးနှုန်း(၅၀ဝိ/-)ကွာခြားလျှက် တောင်သူများမှ ဈေးနှုန်းရရှိမည်ဖြစ်ပြီး GAP စနစ်ဖြင့် စိုက်ပျိုးထားသည့်နှမ်းကို ဦးစားပေးဝယ်ယူခြင်းဖြစ်၍ GAP စာအုပ်ပါသည့်နှမ်းမှာ ဈေးနှုန်းအမြင့်ဆုံးရရှိကြောင်း၊ GAP စာအုပ်မပြနိုင်ပါက နှမ်းတစ်တင်းဈေးနှုန်းတွင် (၅၀ဝိ/-) လျော့၍ ပေးချေမည်ဖြစ်ကြောင်း၊ ယနေ့ (၁၅.၈.၂၀၂၂)ရက်နေ့ နှမ်းဈေးနှုန်းအနေဖြင့် GAP နှမ်းနက် (Grade A) တစ်တင်းလျှင် (၉၂၀၀ဝိ/-)၊ နှမ်းဖြူတစ်တင်းလျှင် (၈၀၅၀ဝိ/-)၊ ဈေးဖြင့် ဝယ်ယူကြောင်း သိရှိရပါသည်။

       မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်တောင်သူအစုအဖွဲ့(၅)ဖွဲ့ခန့်ရှိပြီး အစုအဖွဲ့ဝင်တောင်သူဦးရေ (၂၀၀၀)ကျော်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၍ နေ့အလိုက် မြို့နယ်/ ဒေသအလိုက် အစုအဖွဲ့ဝင်တောင်သူများမှ လာရောက်စုပေါင်းရောင်းချမည်ဖြစ်ရာ ထိုသို့နှမ်းစိုက်တောင်သူများ နေ့စဉ်လာရောက်စုပေါင်းရောင်းချရာ တွင် အခက်အခဲမရှိစေရေးနှင့် အဆင်ပြေစွာရောင်းချနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တိုင်းအဆင့်ဌာနဆိုင်ရာများက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျှက်ရှိပြီး နှမ်းစုပေါင်းရောင်းချပွဲနှင့်အတူ လယ်ယာသုံးစက်ကိရိယာများနှင့် လျှပ်စစ်ပစ္စည်းများအရောင်းပြခန်းအား ပူးတွဲဖွင့်လှစ်ရောင်းချပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)