
ဝါသီးနှံအား မြန်မာနိုင်ငံတွင် မိုးကြိုရာသီ ၊ မိုးရာသီ နှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုး လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်တွင် မိုးကြိုဝါများ စတင်ထွက်ပေါ်လျှက်ရှိပါ သည်။ယခင်နှစ်တွင် မိုးကြိုဝါအား(၁၀၁၀)ဧက စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင်(၂၁၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ မိုးကြိုဝါအား ဖေဖော်ဝါရီလ လယ်မှမတ်လအတွင်းစတင်စိုက်ပျိုးပြီး တောင်သူများမှာ Raca နှင့် B 31 မျိုးများကို စိုက်ပျိုးကြ သော်လည်း တောင်သူအများစုမှာ အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိသည့် Raca မျိုးကို အများဆုံး စိုက်ပျိုးကြပါသည် ။ Racaမျိုးကို အချို့ တောင်သူများက ကုမ္ပဏီထံမှ ဝယ်ယူပြီးစိုက်ပျိုးကြသော်လည်း အချို့မှာ ယခင်နှစ် ဝါသီးနှံပေါ်ချိန်တွင် ဝါကောက်ပြီးမျိုးအဖြစ် ပြန်လည်အသုံးပြုကြပါသည်။ ဝါစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ပျိုးထုတ်ဝယ်ယူ၍ စိုက်ပျိုးပါက မျိုးစေ့ထုတ် (၂)ထုတ်ကုန်ကြပြီး ယခင်ဝါသီးနှံပေါ်ချိန်၌ ကောက်ယူထားသော မျိုးစေ့အား အသုံးပြုပါက (၅)ပိဿာခန့် ကုန်ကျကြောင်း ၊ မျိုးစေ့ (၁)ထုတ်လျှင် (၅၀၀၀၀/-)ကျပ်နှင့် မျိုးစေ့ (၁)ပိဿာလျှင် (၄၀၀၀/-)ကျပ် ကုန်ကျကြောင်း ၊ မျိုးစေ့ထုတ်ဖြင့် စိုက်ပျိုးပါက (၁) ဧကလျှင် (၁၀၀၀၀၀/-)ကျပ် ကုန်ကျပြီး ဝါကောက်ပြီး ရယူထားသောမျိုးစေ့ စိုက်ပျိုးပါက (၁)ဧကလျှင် (၂၀၀၀၀/-)ကျပ် ကုန်ကျပါသည် ။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ သွင်းအားစု၊ နွားရှဉ်းခ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၉၀၀၀၀၀-၁၀၀၀၀၀၀)ကျပ်အထိ ကုန်ကျကြောင်း၊ ဝါထွက်ရှိမှု အနေဖြင့် ယခင်နှစ်တွင် ဝါဖြစ်ထွန်းမှုအပေါ်မူတည်ပြီး (၁)ဧကလျှင် ပိဿာ(၈၀၀-၁၀၀၀)အထိ ထွက်ရှိပြီး ဝါစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် စတင်ထွက်ရှိချိန်တွင် (၃၀၀၀-၃၅၀၀)ကျပ် ရရှိ၍ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဝါအရည်အသွေးကောင်းပါက (၄၀၀၀/-)ကျပ်အထိ ရရှိခဲ့ကြောင်း ၊ ယခုနှစ်တွင်စတင်ထွက်ပေါ်ချိန်၌ဝါ(၁)ပိဿာလျှင်(၃၀၀၀-၃၅၀၀)ကျပ်စျေးနှုန်းရှိပြီး ဝါသီးနှံလှိုင်လှိုင် ထွက်ပေါ်ချိန်တွင် ယခင်နှစ်ကဲ့သို့ စျေးနှုန်းများမြင့်တက်လာနိုင်ပြီး ဝါစိုက်တောင်သူများအတွက် အကျိုးအမြတ်များဖြစ်ထွန်းလာနိုင်ကြောင်း ဝါကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မန္တလေး)