တောင်ငူမြို့ ၁၈/၁၊ အလယ်တန်းကျောင်းခွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိရန်ရည်ရွယ်ကျင်းပသည့် အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက တောင်ငူမြို့ အမှတ် ၁၈ ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၁၈/၁)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

           ဟောပြောပွဲတွင် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ဈေးကွက်အတွင်း စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ တိကျစွာဖော်ပြထားသည့် ကုန်စည်များကို ဦးစားပေးဝယ်သင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ပေါ်ပေါက်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ခြင်းများကို ဟောပြောပါသည်။

             ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  တောင်ငူဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သူသူဝင်းက စာဖတ်ခြင်း အကျိုးကျေးဇူးများနှင့် မူးယစ်ဆေးဝါးအန္တရာယ်များကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်သူဇာဝင်းက အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ ၂၁၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)