ဖြူးမြို့နယ်၏ ငါးပိဈေးကွက်

Powered by Drupal

             မြန်မာ့ရိုးရာ ထမင်းဝိုင်းတွင် မပါမဖြစ်သော ဟင်းတစ်ခွက်ကို ပြပါဆိုလျှင် ငါးပိရည်ဘဲဖြစ်မည် ထင်ပါသည်။ ဟင်းဘယ်လောက်ကောင်းကောင်း ငါးပိရည်မပါလျှင် တစ်ခုခုလိုနေသလို ခံစားရပါသည်။ အခြေခံစားသောက်ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော ငါးပိဈေးကွက်ကို ဖြူးမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကိုဘိုဘို + မဇင်တို့၏ ငါးပိပွဲရုံတွင် သွားရောက်လေ့လာခဲ့ပါ သည်။

             ဖြူးမြို့ရှိ ငါးပိပွဲရုံများတွင် အဓိကအားဖြင့် ငါးရံ့ငါးပိ၊ ငါးပြေမငါးပိနှင့် ငါးဇင်ရိုင်းငါးပိ ဟူ၍ အမျိုးအစား (၃)မျိုးရှိပါသည်။ ဈေးနှုန်းမှာ ငါးရံ့ငါးပိ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ငါးပြေမ ငါးပိနှင့် ငါးဇင်ရိုင်းငါးပိ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

             ဖြူးမြို့ဈေးအတွင်းရှိ ငါးပိပွဲရုံများအနေဖြင့် အဓိကကုန်ကြမ်းဖြစ်သော ဆားနယ်ထားသော ငါးအကောင်များအား ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံမှ မှာယူကြောင်း၊ မလောက်ငှပါက အင်းပေါရာ သနပ်ပင်၊ ဝေါမြို့နယ်များမှ မှာယူတင်သွင်းကြောင်း သိရှိရပါသည်။

          ထိုသို့ ဆားနယ်ထားသော ငါးများအား မိမိတို့ပွဲရုံမှ အသင့်ကျိုချက် စားသုံးနိုင်အောင် ပြန်လည်ပြုပြင်မွမ်းမံ၍ ရောင်းချကြောင်း၊ မိမိတို့ပွဲရုံအနေဖြင့် မြို့မဈေးအတွင်းတွင် ရောင်းချသည့်အပြင် အနီးပတ်ဝန်းကျင်မြို့များသို့လည်း ဖြန့်ဖြူးရောင်းချပေးကြောင်း ပွဲရုံပိုင်ရှင်မဇင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)