
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများအဖွဲ့သည် (၅.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသော "ကျော်မြင့်ထွန်း"နှင့် “ခိုင်မွန်” ပဲကြော်ဖိုလုပ်ငန်းများ မြေပြင်တွင် လုပ်ငန်းအမှန်တကယ်လည်ပတ်ခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲကြော်လုပ်ငန်းရှင်များမှ ဈေးနှုန်းချိုသာသော စားအုန်းဆီခွဲတမ်းရရှိမှုကြောင့် လက်ရှိအချိန်တွင် ပဲကြော်လုပ်ငန်းလုပ်ကိုင်ရသည်မှာ အဆင်ပြေကြောင်း၊ လုပ်ငန်းတွင်ကျယ်စွာ လုပ်ကိုင် ရသောကြောင့် စားအုန်းဆီလုံလောက်မှုနည်းပါးသဖြင့် ဝါစေ့ဆီကို တွဲဖက်၍ သုံးစွဲနေကြောင်း၊ ဝါစေ့ဆီ တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)ဖြင့် ပခုက္ကူစက်မှုဇုန်မှ ဝယ်ယူကြောင်း၊ ကုန်ကြမ်း ပဲကြီးကို ပိဿာချိန်(၃၀)ဝင် တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀-၁၃၀၀၀၀)ဖြင့် မုံရွာ၊ အောင်ပန်းမြို့တို့မှ ဝယ်ယူ ကြောင်း၊ တစ်နေ့လျှင် အိတ်ရေ(၁၂ - ၁၅)အိတ်ခန့် ကြော်ရပြီး ကုန်ချောပိဿာချိန်(၃၁၂)မှ (၃၉၀)ပိဿာချိန်ထွက်ရှိကြောင်း၊ တစ်လလျှင် ပျမ်းမျှ(၂၀-၂၅) ရက်ခန့် လုပ်ကိုင်ရကြောင်း၊ ပဲကြော် သော လုပ်သားဦးရေ(၇)ဦးရှိပြီး လုပ်သားခကို တစ်နေ့လျှင် အမျိုးသားတစ်ဦးလျှင် ကျပ်(၁၅၀၀၀)၊ အမျိုးသမီးတစ်ဦးလျှင် ကျပ်(၇၀၀၀)ပေးကြောင်း၊ ပဲညှစ် သော လုပ်သားဦးရေ အများအပြားရှိပြီး ပဲညှစ်ခကို တစ်ပြည်လျှင် ကျပ်(၃၀၀)ပေးကြောင်း၊ လူတစ်ဦးလျှင် ပဲညှစ်ခ ကျပ်(၄၀၀၀-၆၀၀၀) ခန့်ရရှိကြောင်း၊ ပဲကြော်များကို ပခုက္ကူမြို့ပေါ်တွင် ရောင်းချရမှုနည်းပြီး ရန်ကုန်၊ တောင်ကြီး၊ မုံရွာ၊ ကလေး၊ ကလေးဝ မြို့နယ်များသို့ ရေလမ်းဖြင့် အများဆုံး တင်ပို့ရောင်းချကြောင်း၊ ဈေးနှုန်း အနေဖြင့် ပဲပူးကြော်၊ နှစ်ပြန်ကြော် တစ်ပိဿာလျှင် လက်လီ ကျပ် (၁၄၀၀၀)၊ လက်ကား ကျပ် (၁၃၀၀၀)ဖြင့် ရောင်းချကြောင်း၊ မြေပြင်တွင် လုပ်ငန်းအမှန်တကယ် လည်ပတ်ပြီး လုပ်ကိုင်နေ ကြောင်း၊ ဆီခွဲတမ်းရရှိမှုများလျှင် ပို၍အဆင်ပြေကြောင်း၊ ဆီဈေးနှုန်း သင့်တင့်စွာဝယ်ယူရလျှင် စားသုံးသူများအပေါ် ပို၍ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ကြောင်း ပဲကြော်လုပ်ငန်းရှင်များမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(မကွေး)