ညောင်ဦး အ.ထ.က တွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအား  စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် အများပြည်သူတစ်ရပ်လုံး သိရှိလိုက်နာစေရေး နည်း လမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ ယခုလိုကျောင်းဖွင့်ရာသီ၌လည်း ကျောင်းသား/ ကျောင်းသူများ ကျောင်းပညာရေးအပြင် အခြားအသိပညာဗဟုသုတများ သိရှိစေရေးအတွက် (၃.၇.၂၀၂၅) ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ကျောင်းမုန့်ဈေး ရောင်းချသူများအား စားသုံးသူကာကွယ်အကြောင်း အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါအသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် အခြားပြင်ပ ဗဟုသုတများကိုလည်း သိရှိစေနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ယခုလိုလာရောက် ဟောပြောဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ငယ်ရွယ်သူများဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုပြုရမည်ဖြစ်ပါကြောင်း၊ ကျန်းမာမှသာ မိမိတို့သည် ကျောင်းပညာများနှင့် အခြားပညာရပ်များကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာ စားသုံးကြရန်၊ အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူစား သောက်သုံးစွဲရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ နေရာများနှင့် ဌာန၏ Call Center No.1535 သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအား တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့် အသိပညာဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ ကျောင်းသားမိဘ(၇၀)ဦး၊ ဆရာ/ဆရာမ(၇)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)