သရက်မြို့၏ ပန်းထိမ်မနိုင်(ခေါ်)ပန်းထိမ်ငိုပန်း ဈေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ မီးသွေးဖုတ်ကျေးရွာ၊ မြင်ဘာြခံကျေးရွာတို့မှ ထွက်ရှိသည့် ပန်းထိမ်မနိုင်(ခေါ်)ပန်းထိမ်ငိုပန်းမှာ လူကြိုက်များပြီး သုံးစွဲမှုများပြားလျက်ရှိကြောင်း သိရသည်။ နေပြည်တော်၊ တောင်ကြီး၊ ပြင်ဦးလွင်စသည့် အခြားမြို့နယ်များမှ ထွက်ရှိသော ပန်းထိမ်ငိုပန်းများ ဝင်ရောက်လျက်ရှိသော်လည်း သရက်မြို့မှထွက်ရှိသည့် ပန်းများသည် ညနေ ခူးပြီး နောက်တနေ့နံနက်တွင် ဈေးအတွင်းချက်ချင်းရောင်းချခြင်းဖြစ်သောကြောင့် ပန်းမှာ လန်း ဆန်းမှုရှိခြင်း၊ လှပခြင်း၊ ခိုင်ခံ့မှုရှိခြင်း၊ ဈေးနှုန်းချိုသာခြင်းတို့ကြောင့် လူကြိုက်များလျက်ရှိပါသည်။

      အဆိုပါပန်းများကို ပန်းထိမ်မနိုင်(ခေါ်)ပန်းထိမ်ငိုပန်းများဟု ခေါ်ဆိုရခြင်းမှာ ဤပန်းသည် အလွန်ရိုးရှင်းလှပပြီး အခက်အနွယ်များဖြင့် ပေါင်းစပ်ထားသဖြင့် အဆိုပါ ပန်းပုံစံအား ပန်းထိမ် ဆရာပင်ထုဆစ်၍ မရလောက်အောင် အခက်အလက်များမှာ သဘာဝအလျောက် ဖြစ်ပေါ်နေသည့် အတွက် ပန်းထိမ်ဆရာကပင် ငိုရလောက်အောင် ခက်ခဲရသောကြောင့် ဤပန်းကို ပန်းထိမ်မနိုင် (ခေါ်) ပန်းထိမ်ငိုပန်း ဟုခေါ်ဆိုရခြင်း ဖြစ်ကြောင်း တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရပါ သည်။ လူကြိုက်များသော သရက်မြို့မှထွက်ရှိသည့် ပန်းထိမ်မနိုင်(ခေါ်)ပန်းထိမ်ငိုပန်းဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်မှ တတိယပတ်)အထိ (၁၀)ခက်လျှင် (အသေး၊ အကြီးအလိုက်) ကျပ်(၃၀၀၀မှ ၃၅၀၀)၊ (စတုတ္ထပတ်)တွင် (၁၀)ခက်လျှင် ကျပ်(၂၅၀၀မှ ၃၀၀၀)အထိ ဈေးနှုန်း ရှိသောကြောင့် ယခုတစ်ပတ်တွင်း ယခင်တစ်ပတ်ထက် (၁၀)ခက်လျှင် ကျပ်(၅၀၀)ဈေးနှုန်း ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)