ဈေးကွက်ဝင် ပွင့်ဖြူဒေသထွက် ကွမ်းရွက်

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် လယ်ယာဥယျာဉ်ခြံမြေ များတွင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့စားသုံးမှုများ၍ ဈေးကွက် အခိုင်အမာရှိသော ကွမ်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်းသိရသည်။ ပွင့်ဖြူဒေသတွင် ကွမ်းစိမ်းနှင့် ကွမ်းနုဝါ(ရွှေဒါး) ကို အဓိကစိုက်ပျိုးကြကြောင်း၊ ကွမ်းရွက်ကို ကွမ်းယာစားသုံးရာတွင် အသုံးပြုရန်နှင့် တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုရန် အဓိကဝယ်ယူကြကြောင်း သိရသည်။

           ကွမ်းရွက်စိုက်ပျိုးရာတွင် မြေထုပ်စီးမျိုးညွန့်စိုက်ပျိုးနည်းနှင့် အပင်မှအညွန့်ဖြတ်၍ တိုက်ရိုက် စိုက်ပျိုးနည်းဟူ၍   (၂) မျိုးရှိရာ အပင်အောင်မြင်ဖြစ်ထွန်းလွယ်သော မြေထုပ်စီးမျိုးညွန့်စိုက်ပျိူးနည်းကို အများဆုံးအသုံးပြု၍ စိုက်ပျိုးကြသည်။ ကွမ်းရွက်ကို ဝါဆိုလနှင့် သီတင်းကျွတ်လများတွင် စိုက်ပျိုး ကြကြောင်း၊ စိုက်ပျိုးမည့်မြေပေါ်တွင် နွားချေး၊ ဓာတ်မြေဩဇာများအသုံးပြု၍ မြေဆွေးနှပ်ထားရကြောင်း၊ သို့မှသာအပင်ဖြစ်ထွန်းအောင်မြင်လွယ်ကြောင်း သိရသည်။ ကွမ်းရွက်သည် ရေဝပ်ခြင်းကိုမကြိုက်ဘဲ ဝါးများဖြင့်တိုင်ထောင်၍ စိုက်ပျိုးကြကြောင်း၊ မိုးများလျှင် အမြစ်ပုပ်ခြင်း၊ အဆစ်ပိုးဝင်ကာအပင်ပျက်ကျခြင်း၊ အပင်သေခြင်းများဖြစ်ကြောင်း၊ အပင်စိုက်ပျိုးချိန်မှ (၃)လခန့်အကြာတွင် ခူးဆွတ်နိုင်ကြောင်း၊ (၁)လလျှင် (၂) ကြိမ်ခန့်ခူးဆွတ်နိုင်ကြောင်း၊ တစ်ခါစိုက်ပျိုးလျှင် (၃)နှစ်ခန့် သက်တမ်းရှိကြောင်းသိရသည်။ ပွင့်ဖြူမြို့နယ် ပိန္နဲတော၊ ယောစု၊ သံဘို၊ ညောင်ကုန်း၊ ဒေးဒရဲကျေးရွာများမှ ကွမ်းစိုက်တောင်သူများသည် ကွမ်းမျိုးများကို ဆိပ်ဖြူမြို့နယ်မှ ဝယ်ယူကြကြောင်း၊ ကွမ်းခြံတစ်ခြံလျှင် ကွမ်းပင်(၂၅၀) ခန့် တစ်ပိုင် တစ်နိုင်စိုက်ပျိုးကြကြောင်း၊ ကွမ်းတစ်ခါခူးဆွတ်လျှင် (၁၀) ပိဿာမှ (၁၅)ပိဿာခန့် ထွက်ရှိ ကြောင်းသိရသည်။ မိုးရာသီတွင် ကွမ်းအထွက်နှုန်းကောင်းသောကြောင့် တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ခန့် ဈေးရရှိကာ ဆောင်းရာသီ အထွက်နှုန်းနည်းချိန်တွင် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ်ခန့်အထိ ဈေးကောင်းရရှိကြောင်း သိရပါသည်။

        ထို့အပြင် ကွမ်းရွက်သည် ဆံပင်ကျွတ်ခြင်းအားသက်သာစေခြင်း၊ ဝက်ခြံသက်သာစေခြင်း၊ အသားအရေ ချောမွေ့စေခြင်း၊ အင်ပျဉ်သက်သာစေခြင်း၊ ဆီးချိုအားထိန်းညှိပေးခြင်း၊ ရောဂါပိုးများအားခုခံကာကွယ်နိုင်စွမ်းရှိခြင်း၊ အနာကျက်မြန်စေခြင်း၊ ချောင်းဆိုးရင်ကျပ်သက်သာစေခြင်း၊ ကင်ဆာရောဂါအား ကာကွယ်နိုင်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျနိုင်စေခြင်း၊ ခေါင်းကိုက်သက်သာစေခြင်းစသော အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်းလည်း သိရှိရပါသည်။

DOCA(မကွေး)