
တောင်ကြီးမြို့ပေါ်ရှိ သစ်သီးဆိုင်များတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ရောင်းချနေသော ရိုးရိုးနာနတ်သီးတစ်လုံးလျှင် (၃၀၀၀-၅၀၀၀)ကျပ်နှင့် ပျားနာနတ်သီး တစ်လုံးလျှင် (၇၀၀၀ -၈၀၀၀) ကျပ် ပေါက်ဈေးများရှိ ကြောင်း၊ အသီးအရွယ်အစား အကြီး၊ အသေးနှင့် အရည်အသွေးပေါ်မှုတည်၍ ဈေးနှုန်းများ ကွာခြားကြောင်း၊ ရာသီပေါ်နာနတ်သီးများ ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဆိုက်ခေါင်၊ မိုင်းကိုင်ဘက်မှ ရောက်လာသော နာနတ်သီးများကို လက်လီ ရောင်းချသော သစ်သီးဆိုင်များ၊ ကားများဖြင့် လှည့်လည်ရောင်းချသော ဈေးသည်များ၊ သစ်သီးဖျော်ရည်ဆိုင်များအား ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ နာနတ်သီးတွင် ဗီတာမင်များစွာ ပါဝင်သည့်အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိကြောင်း၊ စားသုံးခြင်းဖြင့် ကိုယ်ခံအားကိုမြင့်မားစေပြီး ရောဂါဝင်ရောက်မှုကို ကာကွယ်ပေးကြောင်း၊ သကြားဓာတ်ပါဝင်သောကြောင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာပြီး အအေးမိတုပ်ကွေးရောဂါဖြစ်ခြင်းမှကာကွယ်၍ ကိုယ်ခံအားကောင်းစေကြောင်း၊ အရိုးများကိုသန်မာစေ၍ အရိုးပွခြင်းကိုကာကွယ်ပေးကြောင်း၊ အမျှင်ဓာတ်ပါဝင်သောကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကိုအထောက် အကူပြု သောကြောင့် အာဟာရပြည့်ဝပြီး လတ်ဆတ်သော နာနတ်သီးများကို ရွေးချယ်စားသုံးသင့်ပါကြောင်း သိရှိရသည်။
DOCA(ရှမ်း)