ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်း ယခုနှစ်ဖရဲသီးစိုက်ပျိုးမှုအောင်မြင်ပြီး ဈေးကောင်းရရှိနေခြင်း ကြောင့်တောင်သူများဝမ်းသာပျော်ရွှင်လျက်ရှိကြောင်းသိရပါသည်။ ပြီးခဲ့သောနှစ်များက ဖရဲသီးဈေးနှုန်းများ မတည်ငြိမ်မှုများကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း ယခုနှစ်တွင်ဈေးနှုန်းမြင့်တက်လာခြင်းက တောင်သူများအတွက် မျှော်လင့်ချက်များ ပြန်လည်အသက်ဝင်စေခဲ့သည်။ လက်ရှိဈေးကွက်၌ ပုသိမ်တွင်ဖရဲသီး တစ်လုံးလျှင်၁၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ ပေါက်ဈေးရှိနေပြီးအရွယ်အစားနှင့်အမျိုးအစားအလိုက်ကွာခြားမှုရှိကြောင်းကို ဒေသခံများက ပြောကြားပါသည်။ အထူးသဖြင့်ရန်ကုန်မြို့ကြီးများသို့ တင်ပို့ရောင်းချမှုများပြားပြီး ဝယ်လိုအားမြင့်တက်နေခြင်းက ဈေးကောင်းရခြင်း၏အဓိကအကြောင်းအရင်းဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီးသည် မြေဆီမြေဩဇာကောင်းမွန်ပြီး ဖရဲသီးစိုက်ပျိုးရန် သင့်တော်သောရာသီဥတု ရှိသောကြောင့်ဖရဲသီးကို အဓိကသီးနှံအဖြစ် စိုက်ပျိုးကြသည်။ ဖရဲသီးဈေးကောင်းရရှိမှုကြောင့် တောင်သူများ အနေဖြင့်လာမည့်နှစ်များတွင် ဖရဲသီးစိုက်ပျိုးဧကတိုးချဲ့ရန် စဉ်းစားနေကြကြောင်း သိရှိရပါသည်။ အရည်အသွေးမြင့် ဖရဲသီးများထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးနည်းပညာများ ပိုမိုလေ့လာသင်ယူရန်စိတ်ဝင်စားမှုများလည်း ရှိနေပါသည်။ သို့သော်ဈေးကွက်တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများလိုအပ်နေသေးကြောင်း တောင်သူများက ထောက်ပြပါသည်။ ယခုနှစ်ဧရာဝတီတိုင်း ဖရဲသီးဈေးကောင်းရရှိမှုသည်ဒေသခံတောင်သူများ၏ စီးပွားရေးကိုများစွာအထောက်အကူပြုခဲ့ပြီး နောင်နှစ်များအတွက်လည်း ကောင်းမွန်သောနမိတ်တစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။
( DOCA ဧရာဝတီ)