ဖရဲသီးစားသုံးခြင်း၏ကောင်းကျိုးများနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

           ဖရဲသီးတွင် ရေဓာတ်၉၂%ပါဝင်သောကြောင့် ရင်ကိုအေးမြစေပြီး ရေငတ်ပြေစေကာ ခန္ဓာကိုယ်အတွင်းရှိ အပူရှိန်ကိုလည်းလျှော့ချပေးနိုင်ပါသည်။ ဖရဲသီးတွင်အဆီနှင့် ကိုလက်စထရော လုံးဝမပါရှိဘဲ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်ခြင်းက ထူးခြားလှပါသည်။ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီနှင့်ဗီတာမင်စီဓာတ်ပေါများစွာပါဝင်ပြီး ကယ်လ်လိုရီအလွန်နည်းသောကြောင့် အာဟာရလည်းဖြစ်စေပါသည်။ ဖရဲသီးကိုစားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေး ကောင်းကျိုးများမှာ နှလုံးကျန်းမာရေးကောင်းမွန်ခြင်း၊ ကျောက်ကပ်ကျန်းမာခြင်း၊ အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ သွေးတိုးရောဂါကိုသက်သာစေခြင်း၊  အသားအရေဝင်းပစေခြင်း၊ အရိုးကျန်းမာသန်စွမ်းခြင်း၊ ကြွက်သားများနာကျင်မှုကိုခုခံပေးခြင်းနှင့် ပန်းနာရောဂါကိုတိုက်ဖျတ်ပေးခြင်းစသည့်အကျိုး ကျေးဇူးများစွာကိုရရှိစေနိုင်ပါသည်။ ဖရဲသီးတွင်ဗီတာမင်စီများစွာပါဝင်သဖြင့် ကိုယ်ခံစွမ်းအား ကိုလည်းမြှင့်တင်ပေးကာ အနာများကိုလည်း လျှင်မြန်စွာကျက်စေနိုင်ပါသည်။ သွားနှင့်ခံတွင်း ကိုလည်းကျန်းမာစေပါသည်။ ဖရဲသီးထဲရှိ အချိုဓာတ်သည် အင်ဆူလင်ကိုထိန်းညှိပေးပြီး သွေးထဲရှိသကြားပမာဏကိုကျစေသဖြင့် ဆီးချိုရောဂါရှိသူများအနေဖြင့်လည်း စားသုံးပေးသင့် ပါသည်။ ဖရဲသီးတွင်ရေဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် ဖရဲသီးစားသုံးပေးခြင်းဖြင့် မကြာခဏ ဆီးသွားစေပြီး ကျောက်ကပ်ကိုသန့်စင်စေကာ ဆီးကျောက်တည်ခြင်းမှလည်းကာကွယ်ပေးပါသည်။ ဗီတာမင်အေပါဝင်ခြင်းကြောင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းစသည့် မျက်စိရောဂါအမျိုးမျိုးအပြင် ဖရဲသီးတွင်ပါဝင်သော ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ဓာတ်များကြောင့် သွေးတိုးရောဂါကိုလည်းသက်သာစေနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ  ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပြုသော ဖရဲသီးမှာ တစ်လုံးလုံးအသုံးဝင်ပါသည်။ ဖရဲသီးအသားကို လူသားတို့စားသားကြသည်သာမက ဖရဲစေ့ကိုလည်(ကွာစေ့) ပြုလုပ်၍စားသုံးကြပါသည်။ ထို့အပြင် ဖရဲသီးအခွံများကိုလည်း နွားများကြိုက်နှစ်သက်ပြီး တိရစ္ဆာန်အစာအဖြစ်လည်းအသုံးဝင်ပါသည်။ ကျန်းမာရေးအတွက်အကျိုးပြုရုံသာမက တစ်လုံးလုံးအသုံးဝင်သောဖရဲသီးကို မြင်းခြံမြို့ရှိ သစ်သီးဆိုင်များနှင့်အေးမြသီတာဈေးထဲတွင် တစ်လုံးလျှင် (၁၀၀၀-၁၅၀၀-၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)