
ဂေါ်ရခါးပင်သည် အကြမ်းခံသော အပင်ဖြစ်ပြီး မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော အပင်ဖြစ်ပါသည်။ ပူနွေးသော အပူချိန်တွင် ကောင်းစွာဖြစ်ထွန်းပြီး အလွန်အေးသော ရာသီဥတုဒဏ်ကို ခံနိုင်ရည် မရှိပါကြောင်း သိရှိရသည်။ မြေအပူချိန်(၅)ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားပါက အမြစ်သေနိုင်ပါသည်။ စိုက်ပျိုးပြီး (၆)လ(၇)လကြာမှ အသီးသီးပြီး ဂေါ်ရခါးမျိုးတွင် အသီးရောင်အစိမ်းဖြူရောင်နှင့် အစိမ်းရောင်ဟူ၍ (၂)မျိုးရှိရာ အစိမ်းရင့်ရောင်အသီးကို အစိမ်းဖြူမျိုးထက် စားသုံးသူများက ပိုမို ကြိုက်နှစ်သက်ကြပြီး အသီးသည် ဝတ်မှုန်ကူး သန္ဓေအောင်မြင်လာပြီးနောက် ကြီးထွားမှု လျှင်မြန် လာကာ (၁၅)ရက်မှ (၂၀)ရက်ကြာအောင် ခူးဆွတ်နိုင်ကြောင်း၊ အသီးထွက်နှုန်းမှာ တစ်ပင်လျှင် ပျှမ်းမျှ (၂၀၀-၃၀၀)လုံး ခူးဆွတ်နိုင်ကြောင်း၊ ဂေါ်ရခါးပင်သည် အသီးကိုသာမက အညွှန့်ကိုပါဖြတ်၍ ရောင်းချနိုင် ကြောင်း၊ ဂေါ်ရခါးညွန့်တစ်စီးလျှင် (၈၀၀-၁၀၀၀)ကျပ်၊ ဂေါ်ရခါးသီး တစ်လုံးလျှင် (၄၀၀-၅၀၀)ကျပ်၊ ပိဿာဖြင့်ရောင်းချပါက (၁)ပိဿာလျှင် (၂၀၀၀-၂၅၀၀)ကျပ်ထိ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)