
ပီလောပီနံပင်သည် နှစ်ရှည်ခံချုံပုတ်ပင်အမျိုးအစားဖြစ်ပြီး ပင်စည်မှာ သစ်သားကဲ့သို့မာ ကျော၍ အူတိုင်အခေါင်းပွသည့်အပင်မျိုးဖြစ်ကာ ကာဘိုဟိုက်ဒရိတ်ဓာတ် တတိယအများဆုံးပါဝင် သည့် သီးနှံဖြစ်သည့်အပြင် စိုက်ပျိုးကုန်ကျစရိတ်နဲနဲဖြင့် စိုက်ပျိုးနိုင်ပြီး အကြမ်းခံကာ တစ်ဧက အထွက်နှုန်းမြင့်မား၍ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးနိုင်သောသီးနှံဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အဓိက စီးပွားဖြစ်သီးနံတစ်ခုအဖြစ်သည့် ပီလောပီနံကို ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဖာပွန်နှင့် လှိုင်းဘွဲ့၊ မြဝတီ၊ နှင့် ဘုရားသုံးဆူ စသည့်မြို့နယ်များတွင် အဓိကထားစိုက်ပျိုးကြသည်။ ဒေသတွင်း တောင်ကုန်းမြေနှင့် မြေလွတ် မြေရိုင်းများတွင် သီးထပ်သီးညှပ်အဖြစ်လည်းကောင်းစိုက်ပျိုးကြသည်။ ပြည်နယ်တစ်ခုလုံးအနေဖြင့် စိုက်ပျိုးဧက ၅၁၄၆ ခန့်ရှိပြီး၊ ရိတ်သိမ်းဧကမှာလည်း ၅၁၄၆ ဧကဖြစ်ပါသည်။ ပျမ်းမျှအထွက်နှုန်း သည် မြေဆီလွှာနှင့်ပြုပြင်ထိန်းသိမ်းမှုပေါ်မူတည်၍ ၃၃၆၅.၃ ခန့်ရှိကာ စုစုပေါင်းအထွက်နှုန်းမှာ ၁၇၃၁၇၈၀၅ ခန့် အထိ ရှိပါသည်။ နည်းစနစ်ကျ စိုက်ပျိုးနိုင်ပါက တစ်ဧကလျှင် တန်၁၅ အထက်အထိ ထွက်ရှိနိုင်သော်လည်း ဒေသခံတောင်သူအများ စုမှာ ရိုးရာစိုက်ပျိုးနည်းစနစ်များကိုသာ အသုံးပြုကြဆဲ ဖြစ်သည်။ ခန့်မှန်းကုန်ကျစရိတ်များမှာ ပီလောပီနံ တစ်ဧကလျှင် ကျပ် ၅ သိန်း မှ၂၀ သိန်း ဝန်းကျင်ခန့်၊ အထွက်နှုန်း တစ်ဧကလျှင် ကျပ် ၃၀ သိန်း မှ ကျပ် ၄၅ သိန်း ဝန်းကျင်ခန့် နှင့် ထုတ်လုပ်မှုစရိတ် ပေါ်မူတည်၍အပြောင်းအလဲရှိနိုင်သည။ အသားတင်အကျိုးအမြတ်မှာတော့ တစ်ဧကလျှင် ကျပ် ၁၀ သိန်း မှ ၂၀ သိန်း ဝန်းကျင်ခန့်အထိရရှိနိုင်ပါသည်။
ကရင်ပြည်နယ်ဒေသထွက် ပီလောပီနံများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ကော်ရည်၊ ကော်မှုန့်၊ အချိုမှုန့်၊ အရက်နှင့်နို့မှုန့်အစားထိုးပစ္စည်းများအဖြစ်လည်းကောင်း၊ တိရစ္ဆာန်အစားအစာ အဖြစ်လည်းကောင်း၊ စက်မှုကုန်ကြမ်းသီးနှံတစ်ခုအဖြစ်လည်းကောင်း လူတို့၏နေ့စဉ်ဘဝတွင် များစွာပါဝင်လျက်ရှိပြီး ပြည်တွင်းနှင့် ပြည်ပ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အန္ဒိယနိုင်ငံတို့မှ ဝယ်လိုအား ရှိပြီး သီးနှံစိုက်ပျိုးရာတွင် ကုန်ကျစရိတ်ကျဉ်းပြီး အထွက်နှုန်းမြင့်မားသောကြောင့် တောင်သူများ အနေဖြင့် ပီလောပီနံကို တိုးချဲ့စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါကြောင်း စုံစမ်းသိရှိရသည်။
DOCA(ကရင်)
